တောခိုသွားတဲ့ ထူးအိမ်သင် အကြောင်း...

KNU က ဗိုလ်ချုပ်မောင်မောင် ဆီမှာ သမီးသွားတောင်းခဲ့ တဲ့ အဆိုတော် ထူးအိမ်သင် ၊ နာမည်ကျော် " အရေးကြီးပြီ" သီချင်းကို တောထဲမှာ ရေးခဲ့တဲ့ ထူးအိမ်သင် အကြောင်း
-------------------------------------------
''တောခိုသွားတဲ့ ထူးအိမ်သင် အကြောင်း...''

“ဖထီး ... ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေးတယောက်လောက်မရှိတော့ဘူးလားဗျ .....”
“ရှိရင် ကျနော်နဲ့ပေးစားဗျာ .... ဒါဆို ကျနော် ဒီမှာပဲနေတော့မယ် ... မပြန်တော့ဘူး...” တဲ့ .....။
အဲ ..... ကိုငှက်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ .... ။
အချိန်က ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် ... မနက်လင်းအားကြီး ၂ နာရီလောက် ....။
နေရာက ထိုင်းမြန်မာ နယ်စပ်သောင်ရင်းမြစ်ကမ်းဘေးက မယ်လ လို့ခေါ်တဲ့ ထိုင်းကရင်ရွာလေးထဲမှာရှိတဲ့ KNU-KNLA က ဗိုလ်ချုပ်မောင်မောင်ရဲ့နေအိမ် .... ။ [ယခု မယ်လ ဒုက္ခသည်စခန်း (ဘဲကလော်ဒုက္ခသည် စခန်း) မဟုတ်ပါ... မယ်လရွာက ဒုက္ခသည်စခန်းကနေ ၁၀ ကီလိုလောက် ဆက်သွားမှရောက်ပါသည်... ၎င်းရွာကို အစွဲပြု၍ ဒုက္ခသည်စခန်းကို မယ်လ ဟုခေါ်ခြင်းဖြစ်ပါသည်...။ ဒုက္ခသည်စခန်းနေရာတွင် ယခင်က ဝါဂွမ်းစိုက်သဖြင့် ကရင်ဘာသာဖြင့် ဘဲကလော်(ဝါဂွမ်းခြံ) ဟုလည်းခေါ်ပါသည်]
အဲဒီအချိန်က ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ကေအဲန်ယူနယ်မြေကော်မတီရုံး ကို မဲသရိ (ခလဲ့ဒေးစခန်း) မှာရုံးစိုက်ထားပါတယ်.. ။ ကျောင်းသား တပ်မတော် တပ်ရင်း ၂၀ရ တပ်ရင်းရုံးလဲ အခြေပြုထားပါတယ်...။ ဗဟိုဌာနချုပ်ရုံး(ယာယီ) က ဝမ်ခ(ကော်မူးရာ)စခန်း မှာပါ..။ မဲသရိမှာ ဖွဲ့ပြီးကာစ မြန်မာနိုင်ငံဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ) တပ်ပေါင်းစုဌာနချုပ်ရုံးလည်း အခြေစိုက်ထားပါတယ်..။

ပြောရရင်တော့ အဲဒီအချိန်က ဟစ်အဖြစ်ဆုံး အဆိုတော် ၂ ယောက်ဖြစ်တဲ့ ကိုထူးအိမ်သင်နဲ့ကိုမွန်းအောင် တို့က သူ့အုပ်စုလေးနဲ့သူ ၁၉၈၈ စက်တင်ဘာ စစ်တပ်ကအာဏာသိမ်းအပြီးမှာ ဘုရားသုံးဆူစခန်း (မွန်ပြည်သစ်ပါတီနယ်မြေ) ကို ရောက်လာကြတာပါ..။ ကိုထူးအိမ်သင်နဲ့ မော်လမြိုင်ကပါလာတဲ့ သူငယ်ချင်းတချို့က ရောက်ပြီး သိပ်မကြာခင်မှာတင် ပြန်သွားကြပါတယ်...။ မော်လမြိုင်-ဘုရားသုံးဆူ ကုန်သည်လမ်းကြောင်းကလည်း ဖြူးနေတော့ နေချင်းပေါက် ဥဒဟိုသွားလာနေတဲ့ကာလဆိုပါတော့...။ ကိုထူးအိမ်သင်ကတော့ ကိုမွန်းအောင်နဲ့အတူ မကဒတဖြစ်လာမဲ့ ပထမဆုံးအစည်းအဝေးကို တက်ဖို့ ဘုရားသုံးဆူစခန်းကနေ လေ့လာသူအဖြစ် ဝမ်ခ(ကော့မူးရာ)စခန်းကိုလိုက်လာပါတယ်...။ တခြား မဒမခ လူကြီးများ [နိုင်ဟံသာ (ယခု UNFC) နဲ့ ဒေါက်တာတူးဂျာ လို့ထင်ပါတယ်] တို့က ဌာနချုပ်ရှိရာခလဲ့ဒေးစခန်း ကို ခေါ်လာပြီး စည်းရုံးရေးနဲ့ပြန်ကြားရေးဌာနတာဝန်ခံ ဦးအေးဆောင်[ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ပီအယ်လ်ဖက်) အထွေထွေအတွင်းရေးမှူး] ကို အပ်သွားတာပါ ...။ အဲဒီ မဒမခ စည်း/ပြန်မှာ NUFA(National United Front of Arakan) က ရှေ့နေ ခိုင်စောထွန်း(ပြည်တွင်းပြန်ဝင်-ကွယ်လွန်) တို့၊ GSC (General Strike Committee) က ဆရာကိုမြင့်လှိုင် (ယခု UCLA မှာ တွဲဖက် ပါမောက္ခလုပ်နေတယ်ထင်ပါ့) တို့လည်း ရှိပါတယ်..။ မဒမခ အထွေထွေအတွင်းရေးမှူးက သွားလေသူ ဦးတွတ် (ဦးတင်မောင်ဝင်း) ဖြစ်ပြီး နိုင်ဟံသာက တွဲဘက်(၁) နဲ့ ကျနော်တို့ မကဒတ က အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်း(ရကသ) [ယခု ဖလော်ရီဒါ] က တွဲဘက်(၂) ပါ...။ ခလဲဒေးကိုရောက်လာပြီး သိပ်မကြာခင် ကချင် ကေအိုင်အို အဖွဲ့က လူကြီးတွေက မိုးလုံးမှိုင်းကြီးကို ချင်းမိုင်(ဇင်းမယ်)မြို့ကို အလည်ခေါ်သွားပါတယ်...။ ဆိုတော့ ငှက်ကြီးတကောင်ပဲ ခလဲ့ဒေးမှာ မဒမခ ကိုင်းကြီးကြီးမှာ နားရင်း ကျန်နေခဲ့ပါတယ်...။
ကြုံလို့ပြောရရင်... ကိုမွန်းအောင် မသွားခင်လေးတင် အဲဒီတုန်းက မကဒတအစောပိုင်းသမိုင်းမှာ နာမည်ကျော် ခွေးသူခိုးကိစ္စ ဖြစ်တာပါ ...။ မကဒတမှာ ပထမဦးဆုံး နိုင်ငံရေးကမ်ပိန်းလို့ပြောရမလား .. အပုပ်ချပွဲ(လူချပွဲ) လို့ပြောရမလား မသိပါ... (မ တစ်ရာသားတွေဆိုတော့ လဲ ခက်သား ...၊ တချို့က အဲဒီထဲက အကျင့်က မကောင်းကြတာ.. ထားပါတော့ .. နောက်ကွယ်က ဘယ်သူတွေဝါဒဖြန့်ကြလဲဆိုတာ... နောက်ကြုံမှပေါ့) တနေ့တော့ ကိုထူးအိမ်သင်၊ ကိုမွန်းအောင်၊ ကိုအောင်နိုင်[အဲဒီတုန်းက မကဒတဗဟိုကော်မတီမှာ တွဲဖက်အတွင်းရေးမှူး၊ အခု ဗွီအိုအေ ဌာနမှူး ကိုသန်းလွင်ထွန်း] တို့ကို ကချင်ကိုယ်စားလှယ်အဖွဲ့က ရဲဘော်တဦး(ကိုဇော်နောင်လို့ ထင်ပါတယ်) က သောင်ရင်းမြစ်တဖက်ကမ်း ယိုးဒယားဖက်ခြမ်းကဈေးတန်းမှာ ထိုင်းခေါက်ဆွဲပြုတ် လိုက်ကျွေးပါတယ်...[အဲဒီအချိန်က ဘယ်သူမှ ကိုယ့်ဟာကို ဝယ်မစားနိုင်ပါဘူး... တယောက်မှ ခြူးတပြားမှ မရှိတာ... နောက်ပိုင်းမှ ရေးပါဦးမယ်]
အပြန်ကျတော့ ခေါက်ဆွဲဆိုင်က ခွေးကလေးက သူတို့နောက်ကို သူ့ဟာသူလိုက်လာပါတယ်... ပြန်မောင်းထုတ်တာ မပြန်ဘဲ လှေဆိပ်ထိလိုက်လာပါတယ်... ။ ဖြစ်ချင်တော့ ခွေးလေးကလဲချစ်စရာကောင်း တော့ ကိုအောင်နိုင်က အမှတ်တမဲ့ ကောက်ပွေ့လာတော့ ဒီဖက်ကမ်းကို ပါလာပါတယ်..... ။ နောက်တော့ ဆိုင်ပိုင်ရှင်ထိုင်းမ (ထိုင်းပုလိပ်မိန်းမ) က ဒီဖက်ကို အကြောင်းကြားပြီးပြန်တောင်းပါတယ်...။ အဲဒီတုန်းက ကေအန်ယူ နယ်မြေ ဂိတ်တာဝန်ခံက ပဒိုစောဒေဗစ်ထောပါ..

။ ကိုအောင်နိုင်တို့ကလည်း အကျိုးအကြောင်းပြောပြ၊ တောင်ပန်ပြီး ပြန်ပို့ပေးလိုက်ပါတယ်... အစ်နော့အဘစ်ဒီးလ် ... အေးဆေးပါ...။ ဆိုတော့ စက်နဲ့ အကြောင်းကြားရင်း ၂၀ရ တပ်ရင်မှူးအောင်ဟိန်း[နောင်တချိန် မကဒတ ဗဟိုဘဏ္ဍာရေးတာဝန်ခံဖြစ်ပြီး ဘတ်သုံးသိန်းလောက်ဘုံးပြီး ဗမာပြည်ပြန်ပြေးတဲ့မောင် ... (ပြောရရင် သူကမှ သူခိုးအစစ်ပေါ့...)] က ဆက်သွယ်ရေး စက်ထဲမှာကြားတော့ တဆင့်တဆင့်ပြောကြရင်းနဲ့ ကိုအောင်နိုင်နဲ့ မတည့်တဲ့ (မလိုလားတဲ့) အုပ်စုက ကိုထူးအိမ်သင်နဲ့ ကိုအောင်နိုင်ကို ခွေးသူခိုးဆိုပြီး အမနာပ ကမ်ပိန်းထုကြရော ....။ အမှန်တော့ ကိုအောင်နိုင်ကို ဆော်ချင်ကြတာနေမှာပါ... သူက အဲဒီအချိန်မှာ ပူပူနွေးနွေး မကဒတ ထိပ်ပိုင်း ခေါင်းဆောင် ကိုး ...။ ဒါပေမဲ့ ကိုထူးအိမ်သင်နာမည်ကတွဲပါသွားတော့ အဲဒီမှာတင် သူ တခါ စိတ်ပျက်သွားတယ်နဲ့တူတယ် ....။

ဖြစ်ချင်တော့ ကိုမွန်းအောင် ဇင်းမယ်ကို ထွက်သွားပြီး နောက်ပိုင်းမှာ ကိုငှက်ကြီး ငှက်ဖျား စ မိပါတယ် ... ။ ဖာအံငှက်က သူ့ထက်ကြီးတော့ သူ့ခမျာ နဂိုကလည်း ခပ်ပိန်ပိန် .. အာဟာရလည်းပြတ်တော့ အိပ်ယာထဲ လဲပါတယ်...။ မဒမခ-ဒီအေဘီရုံးက အခန်းကျဉ်းလေးထဲမှာ ခွေနေရှာပါတယ် ...။ ဖြစ်ချင်တော့ ဦးအေးဆောင်လည်း ခရီးထွက်.. ကျန်တဲ့လူကြီးတွေလည်း မရှိတော့ လူမမာစာ မရှိဖြစ်နေပါတယ်...။ ဒါနဲ့ ကျနော်တို့ နယ်မြေရုံးမှာရှိတဲ့သူတွေကို ကိုငှက်ကြီးအတွက် လူမမာစာ ဆက်ကြေးကောက်ပါတယ်...။ မကဒတ သမိုင်းမှာ ကိုယ့်အချင်းချင်းပြန်ကောက်တဲ့ ပထမဆုံးဆက်ကြေးဖြစ်မယ်ထင်ပါရဲ့ ..။ ဆက်ကြေးကောက်တယ်သာပြောရတာ ... ဘယ်သူ့မှာမှ ပိုက်ဆံရှိတာမဟုတ်....။
ကြုံလို့ အဲဒီအချိန်က မကဒတ နယ်မြေကော်မတီရဲ့ ရာရှင်နဲ့လစာအကြောင်း... နှောင်းခေတ်လူများ အားကျဖွယ် နဲနဲပြောပြရဦးမယ်...။ ကော်မတီဝင် ၃၀ နီးပါးနဲ့ ရုံးအဖွဲ့သား ၁၀ ဦးလောက်အတွက် ဆန်အိတ်ငယ် ၁၀ အိတ်၊ ငပိငါးပုံးနဲ့ ဆားအထုပ် ၂၀ ရပါတယ်....။ (ကေအဲယူက ထုတ်ပေးတာပါ၊ သူတို့ရဲဘော်တွေလဲ ဒီစကေးပါပဲ)။ ဆီ၊ အချိုမှုန့်၊ ငရုပ်သီး၊ ကုလားပဲ၊ ငါးခြောက်၊ ငါးသေတ္တာစတာ တွေကတော့ ဒိုနာတွေပေါ်မှာ မူတည်သပေါ့ဗျာ...။ အများအားဖြင့်တော့... ပြတ်တလှည့်.. ငတ်တလှည့်ပေါ့ ..။ ပေးစကေးကလည်း နည်းမှတ်လို့ ... တယောက်ကို တလ ရိက္ခာငွေ ယိုးဒယားအသပြာ ၈ ဘတ်ကြီးများ တောင်ရတာကလား။ [အမှန်တော့ဆေးလိပ်ဖိုးလို့ပြောပေးတာပါဗျာ... ဒါပေမဲ့ လူရှိန်အောင် မဟာမိတ်တွေ ခေါ်တဲ့အတိုင်း ရိက္ခာငွေ(လစာ) လို့ ခပ်ထယ်ထယ် လုပ်ရတာပေါ့ ...။ ခေသူတွေမှမဟုတ်တာ.. ပူပူနွေးနွေး အစိုးရ ၃ ဆက်ကိုလက်ချည်းဗလာဖြုတ်ချလာတဲ့ မဟာ့မဟာကျောင်းတော်သားတွေပဲဟာ] အဲဒီအချိန်က ဆေးပေါ့လိပ် ခဲ နိုင်တဲ့ကောင်လောက်ကသာ (တကယ်တော့ ဆေးပေါ့လိပ်ဟုတ်ပါဘူး .. ဆေးရွက်ကြီးကို ထညက်နဲ့နယ်ပြီး လိပ်ထားတဲ့ ဖက်ဖြူလိပ်တွေပါ) ရဲဘော်ချေတို့၊ ရဲဘော်ကက်စထရိုတို့ ဆေးပြင်းလိပ်ခဲတဲ့ စတိုင်နဲ့ အိစ်ကော်သူးလေ တောထဲကနေ ကျူးဘားအိပ်မက် မက်နေနိုင်ကြတာကလား ...။ ခရောင်းထက် စီးကရက် ဆိုတာက ထိုင်းထောက်လှမ်းရေးတွေ၊ ကုန်သည်သူဌေးတွေရွာထဲ ဖြတ်လျှောက်တာနဲ့ကြုံမှ နောက်နားမလှမ်းမကမ်းကနေ အနံ့လိုက်ရှူရတာမျိုး .. (ငယ်ငယ် ကလေးဘ၀ အိမ်ရှေ့ လမ်းပေါ် ကားဖြတ်သွားရင် ဓာတ်ဆီနံ့လိုက်ရှူသလိုမျိုးပေါ့) [နောက်ပြောတာမဟုတ်ဘူး.. ကျနော့်ရုံးအဖွဲ့က ဆေးလိပ်ကြိုက်တဲ့ ရဲဘော်တချို့ တကယ်လိုက်ရှူကြတာကိုယ်တိုင်တွေ့ဘူးတာ..]

အဲဒီတော့ တလစာ ဘိန်းဖိုး အသပြာ ၈ ဘတ်ကို တပတ်ကို ၂ ဘတ်နှုန်းနဲ့ ဘတ်ဂျက်ဆွဲပြီး ဆေးသေး (ပွတ်ချွန်းဆေး) ၂ ထုပ်ဝယ်ရတယ်...။ အဲဒီတုန်းက ဆေးသေး တထုပ် ၁ ဘတ်..။ လိပ်သောက်ဖို့ စက္ကူတောင် သပ်သပ်မဝယ်နိုင်ဘူး.. ဘာစာအုပ်၊စာတမ်းတွေ့တွေ့လာထား.. ဖြဲပြီး လိပ်ပလိုက်မယ် ဆိုတာချည်းပဲ..။ လူကလည်းများတော့ ဆပ်ပလိုင်းနဲ့ဒမန်းက မကာမိ...။ တခါတခါ ပဒိုယာယုလဖက်ရည်ဆိုင်ထရံမှာ ကပ်ထားတဲ့ ကြော်ငြာပါမချန်ဘူး ... ကြော်ငြာထဲကထိုင်းမတွေဆို မောင်ကျောင်းတွေလက်ချက်နဲ့ တယောက်မှ စကပ်မရှိတော့ဘူး...။ ထားပါတော့ ... အဲဒီတော့ မရှိမဲ့ရှိမဲ့လေးတွေစုပြီး လဖက်ရည်တခွက်နဲ့ အီကြာကွေး ၂ ချောင်း နဲ့ လူမမာသွားမေး၊ အားပေးရတာပေါ့ ...။ ငှက်ကြီးလဲ ကွီနိုင်းဒဏ်ကို အလူးအလဲခံထားရတော့ နားရွက်နဲ့မျက်မှန်ပဲကျန်တယ်.... ။ လဖက်ရည်သောက် ရုံနဲ့ ထိုးထိုးအန်ပြီး မထနိုင်တော့ဘူး...။ အဲဒီမှာ သူ့ရဲ့ အမေ့အိမ် လွမ်းချင်းကို စ ကြားရတာပဲ ....။ “အမေ့ကို အရမ်းသတိရတယ်ကွာ... နေကောင်းရင် ငါပြန်တော့မယ်” ဆိုတာကို ငှက်ဖျားတက်ရင်းနဲ့ Chorus ပိုဒ်ဆိုသလို ထပ်ခါတလဲလဲ ညည်းတော့တာပဲ ...။ ကျနော်တို့ကတော့ နေကောင်းအောင် အရင်လုပ်ပါဗျာ...။ ပြန်ဖို့က မခက်ပါဘူးလို့ အားပေးရင်း ဝိုင်းပြုစုကြရတယ်..။ ပြုစုတယ်သာ ပြောတာ KNU ဆေးခန်းကပေးတဲ့ ကွီနိုင်း ကလွဲလို့ ဘာမှ ဓာတ်စာ မရှိတော့... ကိုက်တယ် ခဲတယ်ပြောတဲ့ နေရာကို တတ်နိုင်သလောက် နင်း နှိပ်ပေးယုံပါပဲ..။ ကေအန်ယူ ဂိတ်ကိုဖြတ်တဲ့ ကုန်သည်တွေနဲ့ ရွာထဲက ဈေးဆိုင်တွေမှာ ပိုက်ဆံမဟုတ်တဲ့ ဓာတ်စာ (ကြက်ဥ၊ ငါးသေတ္တာ၊ ငါးခြောက်ငါးခြမ်း၊ အအေး၊ အချိုရည် စသဖြင့် ဝယ်ပေးဖို့ အလှူခံရတယ် ...။(အဲဒီကနေ စ ပြီး အတောင်းအရမ်း တတ်သွားတာနေမှာ)။ ပဒိုဒေးဗစ်ထောက နောက်တနေ့ ကြက်တကောင်နဲ့ ကြက်ဥနဲနဲ ပို့လာလို့

ကြက်စွတ်ပြုပ်နဲ့ ကြက်ဥပြုပ်ကလေးနဲ့ မနဲ နလံထအောင်လုပ်ရတယ် ...။ မှတ်မှတ်ရရ ကြက်ကိုင်ပြီး စွပ်ပြုပ်လုပ်ပေးတာ ကျနော့်နယ်မြေကော်မတီရုံးအဖွဲ့က ကုလားလေး ကိုမြင့်ဆွေ ။[နောင် ၁၉၉၀ အစောပိုင်း ဗညားအောင်နိုင်(ယခု ဧရာဝတီသတင်းဌာနက ကိုလင်းသန့်) နဲ့ အမှုတတွဲထဲ၊ ပြည်တွင်းမှာအဖမ်းခံရ၊ ထောင်ကျပြီး ထောင်ထဲမှာ ရိုးရိုးအကျဉ်းသားစိတ်မနှံ့တဲ့သူနဲ့ (တမင်) အတူထားခံရပြီး အဲဒီလူက ဂမ်ဖလားနဲ့ ရိုက်သတ်လို့ ကျဆုံးရရှာသူ- သူ့အကြောင်းလဲ စာတစောင်
ပေတဖွဲ့ရေးရဦးမယ်။ အနစ်နာခံ၊ သစ္စာရှိတဲ့ လူတော်တယောက်၊ ရဲဘော်ရဲဘက် အလွန်ပီသတဲ့ သူ၊ အများကို အထိခိုက်မခံ.. အလုပ်ကို အထိခိုက်မခံပဲ အလွန်ဘာသာရေးကိုင်းရှိုင်းတဲ့ အစ္စလမ်ဘာသာဝင် တယောက်] တပတ်.. ၁၀ ရက်လောက်ကြာတော့ ငှက်ကြီးက ဒေါင်းပြန်ဖြစ်၊ ငှက်ဖျားက ကျီးကန်းဖြစ်သွားပြီး သူ နာလံပြန်ထလာပါတယ်..။ ကျနော်ကတော့ ငှက်ကြီးကို အဲဒီထဲက အပြတ်ပြောတယ်... ဒီနေရာ ခင်ဗျားလာရမဲ့နေရာမဟုတ်ဘူး...၊ ဒီအလုပ် ခင်ဗျား လုပ်ရမဲ့အလုပ်မဟုတ်ဘူး .... လို့ ။ အေးပါကွာ ... မင်းတို့ ငါ့ကို နားလည်ပေးတာ .. စေတနာထားတာ .. တန်ဖိုးထားတာ ... (ရင်ဘတ်ပုတ်ပြပြီး) ဒီထဲကနေ ငါနားလည် ပါတယ်ကွာ ... လို့ မျက်ရည် ဝဲဝဲ နဲ့ ပြောရှာတယ်...။

သူနဲနဲထောင်လာတာနဲ့ ကာလကလည်း ခရစ္စမတ်အခါသမယ .... ဟိုနား ဒီနားက ကရင်မိတ်ဆွေတွေရဲ့ ခရစ္စမတ်သီချင်းသံကလည်း မကြာမကြာကြားနေရတော့ ကျနော်တို့ ကိုငှက်ကြီးကို ဗဟိုပြုပြီး ကာရိုးလ်ဆင်းဂန်းထွက်ဖို့ကြံကြပါတယ်...။ နေမကောင်းရင်(ငှက်ဖျားထရင်) ဓာတ်စာဖိုးလေးတော့ရှိမှ ဆိုတဲ့သင်္ခန်းစာကို ငှက်ကြီးက ဦးဦးဖျားဖျားပေးသွားတော့ ဘော်ဖန်ချင်တာက အဓိကပေါ့... ။ ကချင်ရဲဘော်တယောက်၊ နှစ်ယောက်.. ကရင်မိတ်ဆွေ တယောက်၊နှစ်ယောက်နဲ့ ကိုငှက်ကြီး ... ကျန်တာက ကျနော်တို့ ပြုံယမ်းအဖွဲ့ပေါ့ ...(စုပြုံပြီး ရမ်းသမ်းအော်တဲ့ကျနော်တို့အဖွဲ့ကိုပြောတာပါ)... တကဲ့ ခရစ်ယာန် အစစ်ကလည်း ကချင်နဲ့ ကရင်မိတ်ဆွေ နှစ်ယောက်၊ သုံးယောက်ပါပဲ ...ကျန်တာတွေကတော့ ခါတော်မီ ရေကူးခရစ်ယာန် တွေချည်းပဲ..။ (ရေငုပ်ရတဲ့ နှစ်ခြင်းခရစ်ယာန်လည်းမဟုတ်..၊ ရေဖျန်းတဲ့ ရိုမန်ကက်သလစ်လည်းမဟုတ်တဲ့.. အားအားရှိ သောင်ရင်းမြစ်ထဲမှာ ရေဆင်းကူးနေတဲ့ ကျနော်တို့ နယ်မြေရုံးက ပြုံယမ်းတွေကိုပြောတာပါ...) [ဘာသာတရားကို စော်ကားပုတ်ခတ်လိုတဲ့စိတ်နဲ့ပြောတာ မဟုတ်ပါဘူး...ကျနော်တို့ အချင်းချင်း အဲဒီအချိန်က နောက်ပြောကြတာပါ...။ ဒါကို အကြောင်းပြုပြီး ၆..၇..၈..၉..၁၀ တွေတော့ မဖန်တီးကြပါနဲ့နော] အဲဒီအချိန်က ငတ်လွန်းလို့ တတ်သည့်ပညာ မနေသာ လုပ်စားကြတာပါ.... ။ ရှိသမျှ ခရစ်ယာန်.. ဗုဒ္ဓဘာသာအိမ်အားလုံး(ဈေးဆိုင်တွေ ပိုများပါတယ်) က ညဖက်ကျနော်တို့ အဖွဲ့ သီချင်းလိုက်ဆိုရင် စားစရာသောက်စရာတွေထုတ်ကျွေး၊ အလှူငွေထည့် လုပ်ပါတယ်.... ။ တိုတိုပြောရရင် ငှက်ကြီးတန်ခိုးနဲ့ ကာရိုးလ် ဂုဏ်တက်ပြီး ဘတ် ၄၀၀၀ လောက်စီပါတယ်..။ (အဲဒီခေတ်က ဒေါ်လာ ၁၆၀ လောက်ပေါ့) [ခေါက်ဆွဲပြုတ်တပွဲ ၅ ဘတ်ပဲရှိတာပါ] အဲဒီ ကာရိုးလ်ဆင်းဂင်းနဲ့ ပွဲဦးထွက်လိုက်တဲ့ ကျေးဇူးတော်ကြောင့် စောငှက်ကြီးဦးစီးတဲ့ ကျနော်တို့ ပြုံယမ်းခရော့စ် ကို မင်္ဂလာဆောင် ပွဲ တပွဲတီးပေးဖို့ အငှားခံရသဗျ ...။

အဲဒီမှာတင် အစမှာ ရေးထားတဲ့ဇာတ်လမ်းပေါ်လာတာပေါ့ ....။ ဗိုလ်ချုပ်မောင်မောင်ရဲ့သား ကိုအောင်မော်အေး (ယခု KNU ဖားအံခရိုင် ဥက္ကဌ) နဲ့ ပဒိုမန်းရင်စိန်ရဲ့သမီး နော်မြူအေးတို့ရဲ့ မင်္ဂလာဆောင်...။ အဲဒီအချိန်က KNLA စစ်ဦးစီးဌာနချုပ်က ဗိုလ်ချုပ်မောင်မောင်ကို မဒမခ မှာ စစ်ရေး တာဝန်ခံအဖြစ်တာဝန်ပေးထားပါတယ်....။ ကြုံလို့ ဗိုလ်ချုပ်မောင်မောင်အကြောင်း နည်းနည်းပြောမယ်...။ မြစ်ဝကျွန်းပေါ်သား... ဗမာရည်အင်မတန်လည်... အစောပိုင်း သခင်စိုးကြီးတို့ အလံနီအုပ်နဲ့ရော .. နောက်ပိုင်းတောင်ငူ၊ပျဉ်းမနားအလယ်ပိုင်းနယ်မြေမှာ ကွန်မြူနစ်ပါတီနဲ့လဲတွဲခဲ့ဘူးသူ ... ဥက္ကဌ မန်းဘဇံရဲ့ KNUP က ပါလာသူ .... ။ ကျနော်တို့ ကျောင်းသားများနဲ့ အင်မတန်အလွမ်းသင့်သူပါ ...။ သူစကားပြော ကောင်းတာ၊ နိုင်ငံရေး စစ်ရေး အတွေ့အကြုံကြီးမားတာတွေကတော့ နောက်ပိုင်းလက်ပွန်းတတီးနေရတော့ မှ ကိုယ်တွေ့သိလာရတယ်...။ အစည်းအဝေးတွေမှာဖြစ်ဖြစ်.. အပြင်မှာဖြစ်ဖြစ် စကားပြောရင် ပုံပြင်တွေ၊ ဥပမာတွေ ညှပ်ညှပ်ပြီး အပြောကောင်းလွန်းလို့ (နောက်ပိုင်း မာနာပုလောခေတ်မှာ) သူ့ကို ကျနော်တို့က ချစ်စနိုးနဲ့ “ပုံတိုပတ်စ မောင်မောင်” လို့ နာမည်ပေးရတဲ့ အထိပဲ...။ တချိန်က KNU ရဲ့ ဦးနှောက်လို့ တင်စားခံရတဲ့ ဒု-ဥက္ကဌ ပဒိုစောသန်းအောင်က “ကွန်မြူနစ်တွေဟာ ဘုရားဆင်းတုတော်တောင် ခေါင်းငြိမ့်အောင် အပြောကောင်းတယ်လို့နာမည်ကြီးပေမဲ့ ကျနော်ကိုယ်တွေ့ မကြုံဖူးဘူး .... ဒါပေမဲ့ ဗိုလ်မောင်မောင်ကတော့ ကွန်မြူနစ်တွေခေါင်းငြိမ့်အောင်ပြောနိုင်တာ ကျနော်ကြုံဖူးသဗျား” ... လို့ ချီးမွမ်းရတဲ့သူ ... ။ (သူ့တို့ ၂ ယောက်အပါအဝင် ချစ်ခင်လေးစားစရာ အရင်က KNU ခေါင်းဆောင်ကြီးတွေ အကြောင်းကတော့ စာတစောင် ပေတဖွဲ့ အများကြီးရေးစရာတွေရှိသေးတယ်...။ ခုခေတ် ကရင် ခေါင်းဆောင်တွေရော မပါဘူးလားလို့တော့ ကပ်ဖဲ့ပြီး မမေးကြနဲ့ဗျာ...)

တိုတိုပြောရရင် ၁၉၈၈ ဒီဇင်ဘာလ ၂၂ ရက်နေ့မနက်လုပ်မဲ့ မင်္ဂလာဆောင်အတွက် ၂၁ ရက်နေ့ညမှာ စတိတ်ရှိုးတီးပေးဖို့ ဗိုလ်ချုပ်မောင်မောင်က ကျနော့်ကို အကူအညီတောင်ပါလေရော ...။ ဆိုတော့ သီချင်းတိုက်ကြရတာပေါ့... ရက်ကလည်းကပ်နေတော့...။ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး... ကိုငှက်ကြီး တယောက်ကလွဲလို့ ဖြစ်ဖြစ်မြောက်မြောက်တယောက်မှ မပါတာ...။ ဒီတော့ ကိုငှက်က မင်းတို့ ရပြီးသား အိုးဂေါ်လီသီချင်းတွေကို လက်ပူတိုက်ပြီး နွှေးကြကွာ...တဲ့..။ KNU တပ်မဟာ ရ နဲ့ ဗဟိုက စုပေါင်းစပ်ပေါင်း ပစ္စည်းတစုံစာထုတ်လာတယ်...ဒရမ်မာ မရှိတော့ သူက ပင်တိုင် ဒရမ်တီးမယ်တဲ့.. ကျနော့်ကို ဂစ်တာတီးတဲ့ ... သူ သီချင်းဆိုရင် ကျနော်က ဒရမ်တီးတဲ့ ..သူက ဂစ်တာတီးရင်းဆိုမတဲ့ ..။ သူက ဘာတီးတီး .. ဘာဆိုဆို ပြဿနာမရှိဘူး...။ သူမို့လို့ ကျနော်တို့နဲ့ စတိတ်ရှိုးလက်ခံရဲတယ်... ရဲစွ .. ဟုတ်ထာ ...။ အရေးထဲ ဘေ့စ်တီးမဲ့သူမရှိတော့ ကျနော်တို့ နယ်မြေကော်မတီဝင် စောထစခန်းက (ကျောင်းဆရာ) မောင်မောင်စိုး (အမေရိကား-ဖို့ဝိန်းမှာဆုံးသွားသူ) က ဝင်တီးပေးတယ်... သူကလည်း ရတဲ့သီချင်းရ .. မရတဲ့သီချင်းမရ (ကျနော်နဲ့အတူတူပါပဲ) ဆိုတော့ KNU က စက်သမားက သူလဲရတဲ့သီချင်း ဝင်တီးမတဲ့ ..။ အော်ဂင်ရော ဆိုတော့... ဘုရားကျောင်းက ဓမ္မဆရာတွေ ရတဲ့သီချင်းဆို ဝင်တီးမတဲ့ ...။ အဆိုတော်ကလည်း ပြုံယမ်းအဖွဲ့ ဝင်တွေလောက်ပဲရှိတာ...။ တော်သေးတာပေါ့ ...ကိုငှက်အပြင် ချင်းအဖွဲ့ က ဆလိုင်းဆန်ဇဲ နဲ့ ကချင်က ကိုဇော်နောင်တို့ ရှိလို့ .. ဒီလူတွေက ဘိုသီချင်းတွေ အပါအဝင် အဆိုကောင်း.. အတီးကောင်းတွေ ...။ စဉ်းစားကြည့်ကြပေါ့ဗျာ... ကိုငှက်ကြီး ဒီလူတွေနဲ့ ဒီလိုပွဲမျိုးလက်ခံရဲတာ နဲတဲ့ သွေးမှတ်လို့ ...။

ဆိုတော့ စောငှက်ကြီးဦးစီးသော ဖြဲဖြဲစင် ပြုံယမ်းခရော့စ် တေးဂီတကြီး မဲလ မျှော်စင်ကျွမ်းမှာ ဂွမ်း .. အဲ.. အဲ ကြမ်းကြ ရမ်းကြရောဆိုပါတော့...။ အား... ပရိတ်သတ်ကတော့ ကြိတ်ကြိတ်တိုး ..။ ရှူးရှူးတောင်ဆင်းပေါက် ဖို့ အချိန်မပေးဘူး ... တချိန်လုံး .. တီးထား.. ဆိုထား... ဆိုတဲ့အထဲကပဲ ...။ (နောက်မှပြန်သိရတာ ၃ ပုံ ၂ ပုံလောက်က ဗမာလို မတတ်ကြဘူးဆိုပဲ.... ဒါကြောင့် အသံထွက်နေဖို့လိုရင်း .. ဘာသံဖြစ်ဖြစ် အားပေးပြီးသားပဲ..) အရင် KNU လက်နက်ဝယ်ယူရေးတာဝန်ခံ ကိုကျောက်ခက်က ကျနော်တို့ တီးဝိုင်းမန်နေဂျာပေါ့ (ရေပူ ရေချမ်းကမ်းလှမ်းဖို့ပါ...။ သူ ဝယ်တိုက်တော့မှ မဲခေါင်အရက်ကို စ သောက်ဖူးတာ..) တီးအား.. ဆိုအားတင်မက .. သောက်အားကလည်း ကောင်းဆိုတော့ ညသန်းခေါင် လောက်မှာ ရတဲ့သီချင်းလဲကုန် ...ရေစင်လဲပြတ်ဖြစ်သွားတယ်..။ ဒီဇင်ဘာလကြီး တကဲ့ နှင်းတောထဲမှာ ဆိုတော့ ရာသီဥတုကလည်း အားကစားသမားများအကြိုက်ပေကိုး ..။ နောက်ဆုံးကျန်တဲ့ တပြား ကိုကျောက်ခက်လာပေးတော့ ကိုငှက်ကြီးသိမ်းထားပေတော့ဆိုပြီးသူ့ကိုပေးလိုက်တယ်... သူလဲ သူ့ဒရမ်မာခုံအောက်မှာ ဖင်ခုထိုင်ထားတယ်..။ ပရိတ်သတ်က သူ့ကိုပဲ တောင်းဆိုလို့ သူလဲမကြာမကြာ ထ လာပြီးဆိုရတာပေါ့ .. နောက်ဆုံးတခေါက် ထ လာတော့ ကျနော့်ကို မင်းဘေ့စ်တီးကွာ ဆိုပြီး ဘုရားကျောင်းက ဆရာကို ဒရမ်တီးခိုင်းတယ်..။ (ဓာတ်သိချင်းဆိုတော့ သူ့ ပုလင်း မျက်စောင်းထိုးမှာ စိုးတာလဲပါမယ်ထင်တယ်) ဆိုကြတာပေါ့.. ၃-၄ ပုဒ် .. ပြီးလို့ သူလည်း ဒရမ်ခုံဆီပြန်သွားရော... ကိုယ်တော်ရှင် ကျေးဇူးတော်ကြောင့် သူ့ပုလင်းပြားပျောက်သွားပါလေရော ...။ နေပါဦး ကျနော်တို့ ပြန်ရှာပေးပါမယ်ဆိုတာ မရဘူး ... ဒရမ်မိုက်ကနေ “အဖူးမောင်မောင် ရိက္ခာပြတ်သွားပြီ ... အရမ်းချမ်းတယ်... လက်တွေထုံနေပြီဗျို့..” ဆိုပြီး ထ အော်ပါလေရော ... ။ လုံခြုံရေးတွေလည်း (သူ့ ပုလင်းပျောက် ရှာပုံတော် ဖွင့်ရင်း) အလုပ်ရှုတ်ကုန်တယ်...။ သူ့ကို ကျနော်တို့ ရှာပေးမယ်ပြောတာ မရဘူး ..အဖူးမောင်မောင်ပဲ အော်ခေါ်နေတယ်...။ ဒါနဲ့ အဖူးရောက်လာရော ... ။ သူလည်းခေသူမှ မဟုတ်တာ... “အလကားတော့ မရဘူးဟေ့ ... ငါလည်း သီချင်းတပုဒ်ဆိုမယ် .. မင်းတို့ ရအောင်တီး”..တဲ့ ..။ ဘာသီချင်းလဲဆိုတော့ .. အဖိုးကြီးအို ခါးကုန်းကုန်း .. ရလားတဲ့ ... နဲသေးတာပေါ့ ..။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်မောင်ပဲလေ... နာမည်တလုံးနဲ့ .. သူလဲ ဘယ်ပေါ့မလဲ .... “ငါ့စတိုင်နဲ့ ငါ ဆိုမှာနော်.. ပထမ .. မြန်မာသံစဉ် .. စလိုးလေးနဲ့သွားမယ်... တဖြည်းဖြည်းမြန်လာပြီး နောက်ဆုံးမှာ ဒစ္စကို နဲ့ သိမ်းမယ်..” တဲ့ ...။ ဘာပြောကောင်းမလဲ တီးဝိုင်းရော ... ပရိတ်သတ်ရော ဗြောင်းဆန်အောင်တီး ..၊ ဝက်ဝက်ကွဲ အားပေးလိုက်ကြတာ... အဖူး ပုဆိုးပါကျွတ်ကျပါလေရော ...။ ပြောပြီးပါရော... နဲတဲ့ သမ္ဘာမှ မဟုတ်တာ .. အဖူးက ဆိုတာ မရပ်တဲ့အပြင် သူ့ အောက်ခံဘောင်းဘီ အပွကြီးနဲ့ ပြောင်ရင်း ဆက်ကနေတော့ တီးဝိုင်းကလည်းဘယ်ရပ်မလဲ ။ နောက်ဆုံး .. ကိုငှက်ကြီး ဆက်မတီးနိုင်တော့ဘဲ ဗိုက်နှိပ်ပြီး စင်ပေါ်မှာ ပက်လက်လှန်ရီနေတော့မှ မင်းတို့ရှုံးပြီဆိုပြီး အဖူးက အဆိုအက ရပ်တော့တယ်....။ ပြီးမှ .. ကဲ ခဏနားပြီး ... ငါ့အိမ်ပေါ်လိုက်ခဲ့ကြတဲ့ ...။

အိမ်ဆိုလို့ အထင်မကြီးပါနဲ့ ... တဲကြီးကြီးတလုံးပါ... ။ သူနဲ့ အမိုးနဲ့ အိပ်တဲ့ အခန်းသေးသေးလေးတခန်းက လွဲရင် တအိမ်လုံး ဒိုးယိုပေါက်ပါပဲ ... KNU အလံတလက်၊ ကော်သူးလေ ပြက္ခဒိန်တချပ်နဲ့ သူ့ယူနီဖောင်းနဲ့ ဓာတ်ပုံတပုံကို နံရံမှာ ကပ်ထားတာကလွဲလို့ ဘာမှ ခမ်းခမ်းနားနား မရှိရှာပါဘူး ..။ ကျနော်တို့ တက်သွားတော့ ၂ ဖက် မိဘဆွေမျိုးတွေနဲ့ သတို့သား၊ သတို့သမီး တို့ ဝိုင်းထိုင်နေကြတယ်...။ အဖူးက သူ့အခန်းထဲဝင်သွားပြီး ပုလင်း ၂လုံးကိုင်ပြီးပြန်ထွက်လာတယ်..။ကျနော်တို့ကတော့ ချီးဗတ်စ်လား ဂျော်နီလားလိုက်ကြည့်ကြတာပေါ့ ...။ လား.. လား... “ကရင်မီးတောက် ကို လူပျံတော်ပတ္တမြားရယ် .. ငါ့ဆေးမြစ်တွေရယ် စိမ်ထားတာကွ ... မင်းတို့ကို ခင်လွန်းချစ်လွန်းလို့ တိုက်တာတဲ့” ... မှတ်ကရော ...။ ငှက်ကြီးကို ပထမဆုံး တခွက်ပေးတယ် ... ရေမရောပဲ တငုံငုံလိုက်တာ ဖွီးဆို ပြန်ထွက်လာတယ်.... အား .. ပူတယ်... ပူတယ်... နဲ့ ..ပြီးမှ ရေရောပြီး တခွက်ချတယ်... ။ နောက်လူတွေကိုတော့ အဖူးက ရီပြီး သူပဲ ရေရောပေးတယ်...။

အဲဒီမှာတင် အပေါ်ဆုံးမှာ ပြောခဲ့တဲ့ ဇာတ်လမ်းစတာ .... သတို့သမီးနော်မြူအေးကိုလည်းမြင်ရော .. ကိုငှက်ကြီးက .... “ဖထီး ... ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေးတယောက်လောက်မရှိတော့ဘူးလားဗျ .....”
“ရှိရင် ကျနော်နဲ့ပေးစားဗျာ .... ဒါဆို ကျနော် ဒီမှာပဲနေတော့မယ် ... မပြန်တော့ဘူး...” တဲ့ .....။ (သတို့သမီးအဖေ) ပဒိုမန်းရင်စိန်ကို သွားပြောတယ်.... ကျနော်တို့ အားလုံးမူးနေကြပေမဲ့ ... လန့်သွားကြတာပေါ့ .. မျက်နှာလဲပူတာပေါ့...။ အဲဒီမတိုင်ခင် အစည်းအဝေးတွေမှာ ဗိုလ်ချုပ်မောင်မောင်နဲ့ အတော်လေးရင်းနှီးနေပေမဲ့ ကျန်တဲ့သူတွေနဲ့က အဲဒီတော့မှတွေ့ဘူးတာ... သိကြတာဆိုတော့ ။ ဒါပေမဲ့ အဖိုးကြီး၊ အဖွားကြီးတွေရော .. သတို့သား၊ သတို့သမီးရော တဝါးဝါးပွဲကျပြီး ကိုငှက်ကြီးပြောတဲ့ ပုံစံနဲ့ လေသံကို သဘောကျနေကြလေရဲ့.... ကောင်းရော...။ သတို့သမီးတယောက်ပဲ မျက်နှာရဲ... ရှက်ပြီး ခေါင်းငုံ့ရင်း ရီနေရှာတယ် ...။ ဒါနဲ့ ပဒိုမန်းရင်စိန်က သူက တဦးတည်းသော သမီးဗျ .... ခင်ဗျားလိုချင်ရင် နောက်တယောက် သူ့ထက်လှတာ ရှာပေးမယ်... တဲ့ ... မှတ်ကရော .. သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ ကွက်တိ ..။ နော်မြူအေးကိုလည်းသူက သွားသွားနောက်နေသေးတယ်..။ ညီမ.. ရှိသင့်တာပေါ့.. တဲ့..။ အမှန်က အမွှာပူးမွေးရမှာ အမိုးရ ဆိုပြီး သူ့အမေကိုလဲ လှည့်ပြောနေပြန်သေးတယ် ...။ မနက်လင်းအားကြီး ၂ နာရီလောက် တဝါးဝါး တဟားဟားနဲ့ စကားဆက်ပြောပေမဲ့ ကိုငှက်ကတော့ တယောက်ရှာပေးဖို့ သီချင်းကိုပဲ ထပ်ခါတလဲလဲဆိုနေတော့တာ ... ဒါကိုပဲ သူတို့ အားလုံးက သဘောကျနေကြရဲ့ ....။ ၄ နာရီလဲထိုးရော ပွဲခင်းထဲမှာ မပြန်ပဲအိပ်စောင့်နေတဲ့ ပရိတ်သတ်က ဆက်တီးပါဗျို့... ဆိုပြီး ထ အော်ကြရော ... ။ အဲဒီတော့မှ ငှက်ကြီးလဲ ... သေရောကွာ .. ငါတော့ ဒီလိုပရိတ်သတ်မျိုး တခါမှ မတွေ့ဖူးဘူး .. ဆိုပြီး .. လာကြဟေ့.. ဆိုလို့ စင်ပေါ်ပြန်တက်ကြရပြန်တယ်...။ ကရင်မီးတောက်တန်ခိုးနဲ့ သူ ၅ ပုဒ်၊ ကျနော် ၅ ပုဒ်လောက် ဆိုပြီး မနိုင်တော့လို့ ရပ်လိုက်ရတယ်...။ အခုတော့ အနော..နော်မြူအေးဆုံးတာကြာလို့ .... ကိုအောင်မော်အေး တောင် ဟိုတလောလေးက နောက်တကြိမ် မင်္ဂလာဆောင်ပြန်တယ်... မလာမနေရ .. ဇွတ်ဖိတ်လို့သွားလိုက် ရသေးတယ်... ။

ကိုငှက်ကြီး အမှတ်တရ မှာ မပါမပြီးကတော့ ကမ္ဘာကျော် အရေးကြီးပြီ သီချင်းပေါ့...။ တောထဲကို ခဏကလေးရောက်လာပေမဲ့ တသက်စာဝေဒနာတွေ ရင်နဲ့အပြည့်ယူပြီးပြန်သွားခဲ့သူကြီးက တပုဒ်ဆို ဆိုသလောက် အံထုတ်ပေးခဲ့တဲ့ သီချင်းတပုဒ်....။ အဲဒီသီချင်းကို ကာရိုးလ်ဆင်းဂင်း မထွက်မီ အချိန်လောက် ဒီဇင်ဘာ ပထမ၊ ဒုတိယပတ်ထဲလောက်မှာ ရေးခဲ့တယ်လို့ .. ထင်ရပါတယ်...။ အဲဒီအချိန်က သူခိုနားနေရာ မဒမခ ပြန်/စည်းမှာ တူရိယာပစ္စည်းဆိုလို့ ဂစ်တာအစုတ်တလုံးတောင် မရှိပါဘူး...[နောက်မှ ဦးအေးဆောင်က နောင်မှာ သူ့မဟေသီဖြစ်လာမဲ့ Ms. Pippa Curwin (Burma Relief Center) ဆီက အလှူခံလို့ ဟော်လိုဂစ်တာ ၂ လုံးရောက်လာတာမှတ်မိပါတယ်].. ဆိုတော့ ဂစ်တာတီးချင်ရင် ရွာထဲ လှည့်ပြီး ငှားရပါတယ်...။ ရွာထဲမှာ သုံးလေးငါးလုံး ရှိပေမဲ့ ခရစ်ယာန်အများစုပီပီ အိမ်လှည့်ပြီး ဆုတောင်းပွဲလုပ်တာနဲ့ တနင်္ဂနွေ ဘုရားရှစ်ခိုးကျောင်းတက်တာနဲ့ အားလုံးက ရွာလည်နေပါတယ်...။ ဆိုတော့ ကိုငှက်ကြီးက အရေးကြီးပြီကို ဘာတူရိယာမှ မပါဘဲ ခုံခေါက်ပြီး “သေတ္တာမှောက်” လက်တန်း ရေးသွားတာပါ..။ ရေးတဲ့အချိန်မှာ ကိုမွန်းအောင်လည်းရှိနေပါတယ်...။ တောထဲဆိုတော့ ညနေ(၇) နာရီလောက်ဆို လူခြေတိတ်ပြီး ဘာသံမှမကြားရတော့ပါ....။ တညသား.. ဖယောင်းတိုင်မီးနဲ့ ကုတ်ကုတ်ကုတ်ကုတ် ရေးလိုက်.. ညည်းလိုက် လုပ်ရင်း နောက်တနေ့မနက်ကျ ငှက်ဖျားတက်နေတဲ့ ကိုမွန်းအောင်ကို နှိုးပြီး ဥက္ကဌ ဘရန်ဆိုင်း သူ့ကို လက်ဆောင်ပေးထားတဲ့ ဘာဂျာ (ဟာမိုနီကာ) လေးမှုတ်ရင်းနဲ့ ဆိုပြသတဲ့...။ နောက်မှ ဂစ်တာကော့ဒ် ထည့်ပြီး အချောသတ်လိုက်တာပါ ...။ နောင်ကျနော်တို့ တောထဲမှာ ဘာပွဲပဲလုပ်လုပ် မပါမပြီးတဲ့ သီချင်းပေါ့ ...(အများအားဖြင့် အဆုံးသတ်မှာ ဆိုလေ့ရှိပါတယ်) ။ အသုဘတွေမှာတောင် မဖြစ်မနေဆိုကြတဲ့အထိ ကျနော်တို့အားလုံး ရင်ထဲစွဲသွားတဲ့ သီချင်းပေါ့...။ ကိုမွန်းအောင်က သူ့ရဲ့ပထမဆုံး

တော်လှန်ရေးတေးစု “ငြိမ်းချမ်းရေးတိုက်ပွဲ” ထဲမှာ ထည့်သွင်းသီဆိုပြီး ရေဒီယိုတွေကလည်း အကြိမ်ကြိမ်လွှင့်ပေးခဲ့ပါတယ်။

နောက်ပိုင်း သူနဲ့ ဖုန်းပေါ်မှာ စကားပြောခွင့်ပြန်ရတာ .. ၁၉၉၇-၉၈ လောက်ဖြစ်မယ်ထင်တယ်...။ သူနဲ့ ဗိုလ်ထီးနဲ့ လန်ဒန်ရောက်နေတုန်း သီတာက လန်ဒန်ကနေ ဖုန်းဆက်လာတယ် ..။ သူကအဲဒီအချိန် ဒီဗီဘီရေဒီယိုအတွက် ဝေဟင်ယံကသီချင်းသံကဏ္ဍ ကို ကျနော်နဲ့ ခဏလွှဲထားပြီး လန်ဒန်မှာ IT တနှစ်သွားတက်နေတဲ့အချိန်...။ ဟိုလူတွေရောက်လာလို့ စကားပြောချင်တယ်ဆိုလို့ လှမ်းချိတ်ပေးတာ ..။ အဲဒီအချိန် ဌက်ကြီးနဲ့ ဗိုလ်ထီး ဓမ္မဝိဟာရလမ်းလား.. ဓမ္မိကဝတီလမ်းလား မှာ အတူနေနေကြသတဲ့ ...။ ဗိုလ်ထီးကတော့ များများ မပြောပါဘူး... လှမ်းနှုတ်ဆက်ရင်း (ကျနော့် ရှမ်းမိတ်ဆွေတွေ ပြောပြတဲ့ အကြောင်းတွေ သူ့ကို တခွန်း နှစ်ခွန်းမေးပြီး) ခင်ဗျားသီချင်းတွေနဲ့ သူပုန်လားမြောက်လာတဲ့ ကျနော်တု့ိတောထဲကသူတွေရဲ့မျက်နှာကိုပြန်ကြည့်ပါဦးဗျာ.. လို့ပြောတော့ ငိုသံပါကြီးနဲ့.. တော်ပါတော့ကွာ.. ငါ မှားမိပါတယ်ကွာ .. နောက်မဖြစ်တော့ပါဘူး... ငါ့ကို နားလည်ကြပါ .. လို့ ပြောရှာတယ်...။ ကျနော်လည်း ပြောပြီးကာမှ အတော်စိတ်မကောင်းဖြစ်သွားတယ်.... ။ ငှက်ကြီးကတော့ .. ငါထွက်တဲ့ အယ်လ်ဘမ်တိုင်း ကိုကြည့် .. အနဲဆုံး မင်းတို့ အတွက် တပုဒ် မက ပါတယ် ... မင်း အကုန်နားထောင်ဖြစ်ရဲ့ လားတဲ့ .... ကျန်တာတွေ ပြောဖြစ်ကြရင်း .. ကျနော်က “အထူးသဖြင့်....အဝေးရောက်သားဆိုးများ အတွက်” ဆိုတဲ့အညွှန်းကတော့ အတော်ငြိ .. အတော်ထိသဗျာ ... ဆိုတော့ ...တက်တက်ကြွကြွ အသံနဲ့ ... အေး .. မင်း.. ခလဲ့ဒေး ကို သတိရသွားတယ် မဟုတ်လား .... တဲ့ ..။ သူတော်တော် ဝမ်းသာသွားပုံရတယ်... ကျနော့်ရင်ထဲလည်း ပျော်လိုက်တာ...အတိုင်းမသိ....။ ကျနော့်သတိတရ နဲ့ သူ့ သတိတရ ... ရင်ဘတ်ချင်း တိုက်မိသွားလို့ ... တကဲ့ ငှက်ရုပ် (ငှက်ဖျားမိလို့တဲ့ပိန်ချုံးညှော်လှီနေတဲ့ ပုံ) နဲ့ သူရင်ဘတ်ပုတ်ပြတဲ့ပုံလေးကို မျက်စိထဲမြင်ယောင်လိုက်မိပါတယ်..။
ကိုငှက်ကြီး ဒီသံသရာက မလွတ်မြောက်သေးမှီ ဖြစ်လေရာ ဘဝတိုင်းမှာ သီချင်းငှက်တကောင်အဖြစ် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာတရားများ ဆက်လက်ဝေငှ နိုင်ပါစေ .....။

shareမရဖူးပြောသူများအတွက် ပြန်တင်ပေးတာပါ

မူရင်း
စောမောင်ကျော်''တောခိုသွားတဲ့ ထူးအိမ်သင် အကြောင်း...''

Credit to original uploader

ဒီနေ့ ဦးဌက်(ခေါ်)ထူးအိမ်သင်ရဲ့မွေးနေ့ပါ

Comments

Popular posts from this blog

ရွာကလေး

သီချင်းများနဲ့ လူ