သီချင်းများနဲ့ လူ
သီချင်းများနဲ့ လူ
(ခံစားမျှဝေ)
ကိုယ့်လုပ်နေတာတွေက အရာရောရောက်ရဲ့လားဆိုတဲ့ ခံစားချက်က “ချောင်းနေတဲ့ကျား” လိုပဲ။ ရင်ဘတ်တစ်ခုလုံးလည်း သွေးအလိမ်းလိမ်း။ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်းမှာ မကြာခဏဆိုသလို ကိုက်ခဲ ခံရရဲ့။
ဒီလိုပဲ သတိလေးနဲ့ မာန်လွှတ်လိုက်၊ လစ်ရင် ပြန် ငုံခဲခံရလိုက်နဲ့။
နေ့ညတွေက သွေးညှီနံ့ တစ်ထောင်းထောင်း။
ဒီနေ့ မနက်လည်း အဲဒီကျားက ဘယ်ဘက် ရင်ဘတ်ကို ဖမ်းကိုက်လိုက်ပြန်ပြီ။
“ငါလုပ်နေတာတွေက အရာရော ရောက်ရဲ့လား”
“ငါလုပ်နေတာတွေက အရာရော ရောက်ရဲ့လား”
“ငါလုပ်နေတာတွေက အရာရော ရောက်ရဲ့လား”
“ငါလုပ်နေတာတွေက . . . . . . “
ထူးဆန်းစွာပဲ မေ့မေ့ပျောက်ပျောက် ဖြစ်နေတာ ကြာပြီဖြစ်တဲ့ သီချင်းတစ်ပုဒ်ရဲ့ သံစဉ်နဲ့ စာသားက ရင်ထဲ လှစ်ခနဲ တိုးဝင်လာတယ်။
“အလှတရားများ ထွန်းကား ဖြန့်ကျက်ဖို့ ၊ အနှောက်အယှက်ရှိသမျှ ခွင်းပစ်ဖို့
သီချင်းတစ်ပုဒ်က မြှားတစ်စင်း ဖြစ်ပါစေ”
မောင်သစ်မင်း ရေးဖွဲ့ပြီး ထူးအိမ်သင် သီဆိုထားတဲ့ “သီချင်းများနဲ့ လူ” သီချင်း။
စိတ်က ဆာနေလို့ ထင်ပါရဲ့ တကျော့ပြီး တကျော့ နားထောင်နေမိတယ်။
ဖြစ်နိုင်ရင် ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ တရုတ်သိုင်းကားတွေထဲကလို စွမ်းအားတွေ ရချင်တယ်။
မိတ်ဆွေရင်းတစ်ယောက် အဖမ်းခံရတုန်းက ပင့်ကူလူသား(Spider Man) ဖြစ်ချင်တဲ့ ခံစားချက်ဟာ နေ့နေ့ညည စိုးမိုးခဲ့တယ်။
ရွာတွေထဲ စစ်တပ်က စစ်ကြောင်းထိုးဝင်ပြီး အိမ်တွေ မီးရှို့ ၊ သတ်ဖြတ် နှိပ်စက်တာတွေ မြင်ရကြားရတဲ့အခါ ငါ စူပါမင်း(Super Man) ဖြစ်ရင် ဘယ်လောက်များ ကောင်းလိမ့်မလဲလို့ ကလေးတစ်ယောက်လို စိတ်ကူးအိပ်မက် မက်နေမိရဲ့။
ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် ကို စစ်တပ်က သေဒဏ်စီရင်လိုက်တဲ့ သတင်းဖတ်ရတော့ အလစ်ချောင်းနေတဲ့ကျားနဲ့ တည့်တည့်ကို တိုးမိပြန်တယ်။
စိတ်မှာ ကျားသွားရာ ဗရပွနဲ့ တနုံ့နုံ့။
“မြူခိုးဆီးနှင်းတို့ ကျတဲ့ခဏ၊ ကြယ်ကလေးများ မလင်းတဲ့ လမိုက်ည
သီချင်းတစ်ပုဒ်ကြောင့် အလင်းဖြစ်ပါစေ”
လူတွေရဲ့ သိမှု၊ ဆင်ခြင်တွေးဆမှုအတွက် ဝန်ဆောင်မှု ပေးရတဲ့ မီဒီယာသမား တစ်ဦးအနေနဲ့ ကိုယ့်ရဲ့ စကားလုံးတွေ၊ တွေးဆမှုတွေအပေါ်မှာ တစ်စုံတစ်ရာ အလင်းပွင့်မှုဖြစ်ပါစေလို့ မျှော်လင့်ချက်တွေ တောထခဲ့တာပါပဲ။
“ငါ့ စကားလုံးတွေက အရာရော ရောက်ရဲ့လား”
ဒီလိုနေ့မျိုးမှာ ခေါင်းထဲ ပဲ့တင်ထပ်နေတဲ့ အသံတွေ။
ကိုယ့်နိုင်အား ချွေးနဲစာလေးနဲ့ အလှူငွေ ထည့်ဝင်နေသူတွေ၊ အသက် သွေး၊ ချွေး၊ အနာဂတ်တွေ ရင်းပြီး ရှေ့တန်းက တော်လှန်နေသူတွေ၊ တတ်ကျွမ်းတဲ့ ပညာအသီးသီးနဲ့ ပါဝင် ထောက်ကူနေသူတွေ စသဖြင့် လက်ရှိ အာဏာရှင် တော်လှန်ရေးမှာ နိုင်တဲ့အား၊ ကျရာကဏ္ဍက ပါဝင်နေသူတိုင်း ချောင်းနေတဲ့ကျား ငုံခဲ ခံရဖူးမယ် ထင်ပါရဲ့။
“ခွန်အားများ ကင်းမဲ့စိတ်ဓာတ်ကျ ခေါင်းငုံ့ဒူးထောက် မျက်ရည်ဝေ့တဲ့ဘ၀
သီချင်းတစ်ပုဒ်နဲ့ အင်အားသစ် ဖြစ်ပေါ်စေ”
စိတ်ဆန္ဒပြင်းပြရင် ဘုရားသခင်တောင် တစ်စုံတစ်ရာကို ဖန်ဆင်းပေးရတာပဲလို့ မိတ်ဆွေတစ်ယောက် ပြောဖူးတာကို သတိရမိတယ်။
ဟုတ်တယ်။
စိတ်ဆောင်ရင် အနှေးနဲ့ အမြန်တော့ ဖြစ်သွားတာပဲ မဟုတ်လား။
အာဏာရှင် စနစ် စုဖွဲ့ ကျက်စားရာ ထုထည်ဝန်းကျင်က ကြီးလွန်းတော့ “ဤခရီး ထင်သလောက် မနီး” ကြောင်း သဘောပေါက်လာတဲ့အခါ . . . ။
တော်လှန်ရေးခရီးကြမ်းကာလမှာကိုပဲ ဘုံရန်သူကို မမေ့ရုံတမယ် သူ့လောဘ၊ သူ့မောဟနဲ့ မညီညွတ်နိုင်ကြတာတွေကို တွေ့ရကြုံရများလာတဲ့အခါ . . . ။
“လေဆန်” ဇာတ်လမ်းတိုထဲက စာသားတစ်ခုအတိုင်း “တခါတလေဆို ခေတ်က ပေးတဲ့ တာဝန်က ငါတို့ ထမ်းနိုင်တာထက် ပိုပိုလေးလာတယ်လို့ ခံစားလာရတဲ့အခါ” . . .။
စိတ်ခွန်အားလည်း လိုလှပါတယ်။
ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်မှုက ပိုကောင်းတဲ့ အနာဂတ်၊ နိုင်ငံသစ်ရဲ့ မနက်ဖြန်အတွက် အဖိုးမဖြတ်နိုင်ပါဘူး။
“သီချင်းများနဲ့ လူ” သီချင်းလေး နားထောင်ကြည့်ပါ။
ယူကျူ့နဲ့ ဂိုဂယ်မှာ ရှာဖတ်ကြည့်သလောက်တော့ ၁၉၇၈ ခုနှစ်က ထွက်တဲ့ ဖိလစ်ပိုင်သီချင်းကို ကော်ပီ လုပ်ထားတာပါ။ ၁၉၈၀ ခုနှစ်မှာ မြန်မာသီချင်းအနေနဲ့ ထွက်တယ်။ ပလေးဘွိုင်းသန်းနိုင်၊ ထူးအိမ်သင် တို့ဆိုခဲ့တယ်။ နောက်ဆုံးဆိုတာ အောင်ထက် ဖြစ်မလားပဲ။
စိတ်ဝင်စားလို့ ရှာဖတ်ကြည့်တာပဲဆိုတော့ သိပ်တော့ မသေချာ။
သီချင်းတစ်ပုဒ်က ခွန်အားသစ် ဖြစ်စေပါတယ်။
“ချောင်းနေတဲ့ကျားလည်း တောပြန်ခိုသွားတယ်။”
စိတ်ဆောင်ရင် အကုန် ဖြစ်တယ်လို့ ဆိုတယ် မဟုတ်လား။
Illustration Source - Art by Maria Rojas
The Tanintharyi Times
Comments
Post a Comment