ရွာကလေး

ရွာကလေး
       ကျွန်မ ဒီတောင်ပေါ်ကို စရောက်ပြီး ပထမဆုံးကြုံတွေ့ရတဲ့ မနက်ခင်းပေါ့။ မနေ့က ဒီတောင်ဘက်ကိုရောက်ဖို့ တောအထပ်ထပ်ကို ကျွန်မနေတဲ့ ရန်ကုန်ကနေ ကားနှစ်ဆင့်စီး ကားလမ်းမရှိတဲ့ ကျောင်းလေးရွာကို လူတစ်ယောက်လောက်သာ သွားလို့ရတဲ့ ဒီတောင်တက်လမ်းလေးအတိုင်း ကျောပိုးအိတ်တစ် လုံးနဲ့ ခြေကျင်ဘဲ တက်လာခဲ့တယ်။‌ကျောင်းလေးဆိုတာက စစ်တုန်းကကျန်ခဲ့တဲ့ မိဘမဲ့ကလေးတွေ စောင့်ရှောက်ထားတဲ့ နေရာလေးပေါ့။ မြို့လေးနဲ့ ငါးမိုင်တော့ဝေးတယ်။ မြို့ကိုရောက်ဖို့ စက်ဘီး (သို့) ခြေကျင်သွားကြရတယ်။ ကလေးအယောက် ၃၀လောက်ရှိတဲ့ ဒီကျောင်းလေးကိုအစွဲပြုပြီး ကျောင်းလေးရွာ လို့ခေါ်တယ်။ ရွာလေးဖြစ်တည်နေတာကလဲ ၁၀နှစ်တောင် မပြည့်မရှိသေးဘူး။ ဒီရွာလေးကလူတွေက အရင်ကဒီရွာကမဟုတ်ကြဘူး။ ကျောင်းလေးရွာကနေ တောင်နှစ်လုံးလောက်ကို ကျော်လိုက်ရင် ရွာပျက်တွေရှိတယ်။ စစ်ဖြစ်လို့ထွက်ပြေးတိမ်းရှောင်ရင်း ဒီနေရာလေးမှာဘဲ အ‌‌ခြေတကျနေထိုင်ဖြစ်သွားကြတယ်။ သူတို့ရွာဟောင်းလေးကတော့ မီးလောင်ပျက်စီးကုန်ပြီလေ။ ညကခရီးပမ်းလာတာကြောင့် နေမှောင်တာနဲ့ အိပ်ပျော်သွားတယ်။ ပြန်နိုးလာပြီး နာရီကိုကြည့်လိုက်တယ်။ မနက် ငါးနာရီဘဲရှိသေးတယ်။ ဟိုလှိမ့်ဒီလှိမ့်နေရင်း ဆက်မအိပ်နိုင်တော့လို့ အပြင်ဘက်ကို ထွက်လာခဲ့တယ်။ တောင်စောင်းနားက မီးဖိုလေးရှိရာကို လျှောက်လာခဲ့လိုက်တယ်။ “ ဆရာမလေး ကောင်းကောင်းအိပ်ပျော်ရဲ့လား “ “ဟုတ် ပျော်ပါတယ်၊အဘ ၊ မနေ့ညကခရီးပမ်းလာတာနဲ့ စကားတောင် ကောင်းကောင်း မပြောဖြစ်လိုက်ဘူး။ “ 
“ ဟုတ်တယ်ဆရာမလေးတို့ကတော့ ဒီလမ်းကို အသားမကျသေးတော့ ပင်ပန်းမှာပေါ့။ကျွန်တော်တို့ကတော့ နေသားကျနေရုံမဟုတ်ဘူး ဒီကစကားတွေတောင် အတော်ပြောတတ်နေပြီ။ အရာရာအသားကျနေပြီဆိုပါတော့ဗျာ။”
“ဒါဆို ဒီကမဟုတ်ဘူးပေါ့။”
“ ဆိုပါတော့ဗျာ၊ကျွန်တော်က ကျောက်ပန်းတောင်းဇာတိဗျ။ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ရင်း ပြေးလွှားရတော့ ဒီဘက်ရောက်လာတယ်ဆိုပါတော့။”
“ခုတော့ ဆရာ မပြန်ဖြစ်တော့ဘူးပေါ့။”
“ကျွန်တော်အသက်ကြီးပြီ မပြည့်စုံသေးတဲ့ ဒီနေရာလေးကိုဘဲ ဖြည့်ပေးချင်တယ်။ သူတို့ပျော်ရင် ကျွန်တော်ပျော်တယ်။ ဆရာမလေး တွေ့လား။ ဟောဟိုမှာမြူတွေဆိုင်းနေတဲ့ တောင်တွေ ဆရာမကတော့ ဒီလိုမနက်ခင်းမှာ လှလိုက်တာလို့မြင်မှာပေါ့။ ကျွန်တော်တို့က အဲ့ဒီတောင်တွေကြား ပြေးလွှား ပုန်းခိုရင်း ဒီဘက်ရောက်လာကြတာပေါ့ဗျာ။ တောတွေနင်းခဲ့ကြ လေယာဥ်သံတွေ သေနတ်သံတွေကြားရင် ချုံတွေ အပင်တွေကြားဝင် မြေမှာဝပ်ပြီး ပုန်းကြပေါ့။ အဲ့လိုပြေးနေရင်းနဲ့ လမ်းမှာကျည်ထိလို့ ဒီထိမပါလာနိုင်တော့တဲ့ သူတွေလဲရှိတာပေါ့။ အဲလေ မနက်ခင်းကြီးဘာတွေပြောနေမိပါလိမ့်။ အရာအားလုံးကတော့ မနေ့တစ်နေ့ကလိုပါဘဲ။” ပြောရင်းနဲ့ အဘ က ဝါးဆစ်ခွက်လေးတစ်ခုကို ကျွန်မကိုလှမ်းပေးပြီး ရေနွေးအိုးလေးကိုင်ကာထ ထွက်သွားတယ်။ ကျွန်မလဲ ဝါးဆစ်ခွက်လေးထဲက ကော်ဖီကိုသောက်ရင်း အဘညွှန်ပြခဲ့တဲ့ တောင်တန်းတွေဆီငေးကြည့်ရင်း သက်ပြင်းတစ်ချက်ချမိတော့သည်။ ။

Comments

Popular posts from this blog

တောခိုသွားတဲ့ ထူးအိမ်သင် အကြောင်း...

သီချင်းများနဲ့ လူ