နေရာချင်းသာ လဲလိုက်ချင်တယ်
နေရာလဲလိုက်ချင်တယ်
(အတွေးအမြင်ဆောင်းပါး)
မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ဂုတ်သွေးစုတ်လာတဲ့ စစ်ဘီလူးတွေကို လက်နက်ကိုင်တော်လှန်ဖို့ကလွဲပြီး တခြားနည်းလမ်း သိပ်မရှိပါဘူး။ အားလုံးသိကြတဲ့အတိုင်း စစ်ဘီလူးတွေကို တော်လှန်ဖို့ လက်နက်က တော်တော်ကို လိုအပ်နေပါတယ်။
ပြည်သူတွေက ဝိုင်းပြီးလှူကြပေမယ့် မိုးပေါ်ရောက်နေတဲ့ လက်နက်စျေးတွေကြောင့် တော်လှန်ရေးအဖွဲ့တွေဟာ သေနတ်တစ်လက်ရဖို့အရေး တော်တော်ရုန်းကန်နေရပါတယ်။ ထားဝယ်မှာဆိုရင် လက်လုပ်သေနတ်တောင် လူတန်းစေ့ မကိုင်နိုင်သေးတဲ့ အဖွဲ့တွေအများကြီးရှိပါသေးတယ်။
ဒီလိုမျိုးအခြေအနေမှာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ဖို့အတွက် နည်းပညာအကူအညီနဲ့ငွေရှာပေးတဲ့အဖွဲ့တွေ ပေါ်လာကြတယ်။
Click to Donate၊ Play to Donate၊ Tha Din စတဲ့ Website Link တွေ၊ App တွေကိုဝင်ရောက်ကြည်ရှု့ပေးရုံနဲ့ ငွေရနိုင်တဲ့နည်းလမ်းတွေကို ရှာဖွေလာကြပါတယ်။
ဝင်ကြည့်သူများရင် များသလောက် တစ်နေ့ကို သိန်းရာနဲ့ချီရရှိနိုင်ပြီး များများရလေ တော်လှန်ရေးအဖွဲ့တွေကို များများထောက်ပံ့နိုင်လေပါပဲ။
ကျနော်တို့ တနင်္သာရီတိုင်းမှာလည်း Click For Tanintharyi ဆိုတဲ့ Facebook Page တစ်ခု ကိုတွေ့ရတယ်။
စိတ်မကောင်းစရာက ဝင်ပြီး ကြည့်ရှုတဲ့သူ နှစ်ရာလောက်ပဲရှိတယ်လို့ ကြားရတယ်။
တခါတလေတွေးမိတယ်ဗျာ။ ဖေဖော်ဝါရီလတုန်းက လမ်းမပေါ်ထွက်လာကြတဲ့လူတွေ ဘယ်ရောက်ကုန်လဲဆိုပြီးတော့။
ပိုက်ဆံကိုကိုယ်တိုင်မလှူရဘဲ ဝင်ပြီး သတင်းတွေဖတ်ပေးနေရုံ၊ video တွေကြည့်ပေးနေရုံ၊ ကြော်ညာလေးတွေ သည်းခံကြည့်ပေးနေရုံနဲ့ ပိုက်ဆံရမယ့် နည်းလမ်းကို လူတွေစိတ်မဝင်စားကြတာ စိတ်မကောင်းဘူး။
အဲဒါကြောင့် လူတစ်ယောက်ပဲ ပိုလာရင်ပိုပါစေဆိုပြီး အင်တာနက်ဖွင့်လို့ရတဲ့ နေရာရောက်ရင် Click For Tanintharyi ထဲကို ဝင်ကြည့်ဖြစ်တယ်။
ဒါပေမယ့် အဝိုင်းလည်နေတာနဲ့ချည်းပဲတိုးတယ်။ ဘာလို့ဆို ကျနော်တို့ရောက်နေတဲ့နေရာက အင်တာနက်လိုင်းက မြို့ပေါ်မှာလို မကောင်းဘူးလေနော်။
အကြာကြီးထိုင်စောင့်ပြီး ကံကောင်းရင် သတင်းလေးတွေပေါ်လာတယ်။
ဒီလိုအင်တာနက်လိုင်းပိစိလေးရဖို့ကိုတောင် ကျနော်တို့မှာ တောင်ကြီးတောင်ငယ် တက်လာရတာ။
တောင်တက်ပြီး လိုင်းရတဲ့နေရာ ရောက်ပေမယ့် လိုင်းကမကောင်းလို့ အဝိုင်းလည်နေတာကို ထိုင်ကြည့်နေရပြန်တယ်။
တောထဲတောင်ထဲ ရောက်နေပေမယ့် ဒီလိုမျိုး Click နှိပ်ရင်း အလှူငွေရအောင်ကြိုးစားနေတဲ့ App တွေ၊ Link တွေကို ကျနော်တို့ ဝင်ပြီး Click ပေးချင်တယ်။ သူတို့ငွေများများရမှ ကျနော်တို့လိုအဖွဲ့တွေအတွက် အလှူငွေများများရမယ်လေ။
သူတို့ဘယ်အဖွဲ့ကို လှူလှူပေါ့။ လိုနေကြတာက အဖွဲ့တိုင်းပဲမဟုတ်လား။
တစ်ခါတလေကျရင် မြို့ပေါ်က ဝိုင်ဖိုင်စက်တွေနဲ့ အင်တာနက်လိုင်း ကောင်းကောင်းရနေတဲ့သူတွေနဲ့ နေရာလဲလိုက်ချင်တယ်။
ခင်ဗျားတို့ တောထဲလာနေ။ ကျနော်တို့မြို့မှာလာနေပြီး Click ပေးမယ်လို့ ပြောလိုက်ချင်တယ်။
ထားဝယ်ရဲဘော်တစ်ဦး
(The Tanintharyi Times မှ ကူးယူဖော်ပြသည်)
တိုက်ခိုက်ရေး PDF မဟုတ်ခဲ့ရင်တောင်
ထောက်ပံ့ရေး PDF တော့ဖြစ်ပါစေ။
#DigitalStrike
#Click4Tanintharyi
#PhotoCrd
Comments
Post a Comment