ကျနော်နှင့် ဆိတ်ကတုံး

ကျနော်နှင့် ဆိတ်ကတုံး 

မိုးရာသီဆိုတော့ တပ်ခွဲထဲတွင် ရဲဘော်အချို့ ငှက်ဖျားအတော်မိကြသည်။ ပထမတော့ စခန်း၁ ဌာနချုပ် လူနာဆောင်တွင် ဒဏ်ရာရလူနာများ အဖျားအနာလူနာများထား၍ ကုသရသည်။ 
ရဲဘော်များပြောကြားချက်အရ စခန်း၁တွင်တော့ ဆန်ပြုတ်ချည်းသောက်ရသည်တဲ့၊ မိုးရာသီ ချောင်းအတန်တန်ဖြတ်ပြီးမှ တောင်ပေါ်တက်ရသောစခန်းမို့ ပစ္စည်းသယ်ရန်လည်းမလွယ်ကူ၊ အသားငါးများ ရရန်လည်းခဲယဉ်းသည်မို့ ရှိတာနဲ့ နှစ်ပါးသွားရသည်ကများ၏။ 

တော်လှန်ရေးကာလတစ်နှစ်ကျော်လာတော့ အများအားဖြင့်က ဒီအခြေအနေကို နေသားကျနေပြီ။ 
အဖျားအနာဖြစ်လျှင် ဆေးရုံဆေးခန်းမရှိသည်မို့ ရဲဘောများထဲမှပင် ဆေးပညာစိတ်ဝင်စားသူတချို့၊ အမျိုးသမီးရဲဘော်တချို့ကို သင်တန်းလွှတ်၍ ဆေးပညာသင်ယူခိုင်းရသည်။ 
ကိုယ်ထူကိုယ်ထစနစ်နဲ့ ကိုယ့်အားကိုယ်ကိုး တော်လှန်ရတာမို့ ဆရာဝန်များမဟုတ်လည်းပဲ ဒီသင်တန်းဆင်း ဆေးမှူးတွေကိုပဲ အဖျားအနာများအတွက်အားကိုးအားထားပြုရသည်။ 
ဆေးမှူးတွေကလည်း ရဲဘော်တစ်ယောက် ဖျားနာလာရင် လက်ကိုယားနေတာ၊ သောက်ဆေးနဲ့တင် ပျောက်သွားမှာကိုစိုးနေတာ။ သူတို့ ဆေးကိုယ်တိုင်ထိုးစမ်းဖူးချင်တာကိုး။ 

မိုးရာသီရောက်တော့ ဆေးမှူးတွေရဲ့ဆန္ဒပြည့်ကြတယ်၊ ငှက်ဖျားမိကြတာမှ သောက်သောက်လဲ။ ရဲဘော်တစ်ယောက်ငှက်ဖျားမိရင် အားလုံးဝိုင်းပြီး လက်ခုပ်တီး ဂုဏ်ပြုကြတာ။ ဒီလောက်ထိ လက်စွမ်းပြချင်ကြတဲ့ဆေးမှူးတွေ။ 
test kitsနဲ့ ဖမ်းစစ်၊ ငှက်ဖျားဟ ဆို congratulationပဲ၊ ပြီးရင် ဆေးနဲ့ ဓာတ်ဆားရည်၊ ဆန်ပြုတ် နင်းကန်သောက်ရမယ်။
အဲဒီမှာ ရဲဘော်တွေ ဖျားရမှာတောင် ခပ်ကြောက်ကြောက်ပဲ။ 

တစ်နေ့ကျတော့ ကျနော်တို့ စခန်း၂ကို လူနာတွေအားလုံးသယ်ချလာတယ်၊ ဟိုဘက်မှာက ရွာတွေနဲ့ဝေး၊ မိုးရာသီသွားလာရခက်ခဲလို့။ ဒီဘက်မှာက ရွာနဲနီးတယ်၊ အတက်အဆင်း သိပ်မခက်ဘူး။ အဲဒါနဲ့ စခန်းမှာလူနာတွေပုံလာရော။ 
ဒီမှာက ရွာထဲမှာ ဝက်ပေါ်၊ အမဲပေါ်ရင် အသားဟင်းတွေဘာတွေကြိတ်ရတော့ ရဲဘော်တွေပြောကြတာ နောက်ခါဆို ဒီစခန်းမှာပဲ လာဖျားတော့မယ်တဲ့။ 
ငှက်ဖျားက အုန်းသီးနုအရည်တွေဘာတွေသောက်ရဆိုပဲ၊ ကျနော်တို့မှာ တစ်လုံးြပီးတစ်လုံး ခွဲပေးလိုက်ရတာ၊ မကြာဘူး ကျနော်လည်း ဖျားတော့တာပဲ။ 

ရှေ့တန်းထွက်မယ်ဟေ့ ဆိုတော့ လူဖျားတွေအားလုံး ကျောပိုးအိတ်ထလွယ်ပြီး အကုန်အသင့်ပြင်နေကြတာ၊ ဆေးမှူးက ခေါင်းဆောင်ကိုသွားပြောတော့မှ အကုန်လုံးကျန်ခဲ့ရတာပဲ၊ နောက်ခါပေါ့ကွာဆိုပြီး ချော့ပြီးထားခဲ့ခံရတာ။ အကုန်လုံးက တိုက်မယ်ဆိုတာချည်းပဲ။ 
တပ်ခွဲထဲမှာက knuကလူဟောင်းတချို့လည်းရှိတယ်၊ သူတို့က အစစအရာရာ အတွေ့အကြုံသာတော့ သူတို့ကို အားကိုးရတာ။ 
ကျနော်တို့ခေါ်ခေါ်နေတဲ့ ကိုကရင်ဆိုတာရှိတယ်၊ သူက စကားမပီတပီနဲ့ပြောတတ်တယ်၊ "ကျနော် ရဲဘော်တွေကိုချစ်တယ်" ဆိုပြီး။ 

တစ်နေ့ကျတော့ စခန်းအနီးတဝိုက်က ခြံပိုင်ရှင်တစ်ယောက်က သူ့အသိရွာသား'ကရင်ရဲဘောျ'တစ်ယောက်ကို တိုးတိုးတိတ်တိတ်လာပြောနေတယ်၊ ဘာတွေပြောမှန်းမသိပေမဲ့ ကြိုက်တတ်ရင် လာယူ၊ တဲမှာ ချိတ်ထားတယ် ဆိုတာတော့ ကြားလိုက်တယ်။ 
ခဏကြာတော့ အဲဒီရဲဘော်အစ်ကိုကြီးက သွားယူလာတာ အသားတစ်တွဲ။ 
အဲနေ့က ကိုကရင်ကပြောတယ် "ကျနော့်ရဲဘော်တွေကို ကျနော်ချစ်တယ်၊ ကျနော်လုပ်ကျွေးချင်နေတာကြာပြီ၊ ငှက်ဖျားဆို ချက်ချင်းကောင်းပဲ" တဲ့။ 
သူဘာပြောတာလဲ ချက်ချင်းဘယ်သူမှသဘောမပေါက်ဘူး၊ အမှုမဲ့အမှတ်မဲ့ပဲ။ 

ထမင်းစားတဲ့အခါကျမှ 
'ငှက်ဖျားသမားတွေ စားကြစားကြ'လို့ ကိုကရင် လှမ်းအော်ပြောတယ်။ စားဖိုမှူးဦးလေးကြီးက မျက်နှာဖြဲစပ်စပ်နဲ့။ 
ဒီနေ့ 'ဘာဟင်းလဲဦးလေး' ဆိုတော့ 
'ဆိတ်သားဟင်းကွာ ငှက်ဖျားသမားသီးသန့်' တဲ့။ 
ဆိတ်သားဟင်းဆိုတော့ ကလော်ကျားကျားကို လှမ်းသတိရသေးတာ။ အဲလူနာမည်က ကျော်ကျော်တဲ့၊ တစ်ခါက ရွာထဲက ဆိတ်တစ်ကောင်လှူတော့ သူကသတ်ပေးတာ၊ သူတို့ဘာသာအရတော့ သူ့မှာကုသိုလ်ရတယ်ဆိုပဲ၊ သူကအစ္စလမ်ကိုး။ သူ့ကိုယ်သူ ကလော်ကျားကျားလို့ ပြောတတ်တယ်၊ ဘာအဓိပ်ပါယျလဲ ကိုကျော်ရလို့ ကျနော်မေးတော့ ကုလားကျော်ကျော်လေကွာတဲ့။ 

ကလော်ကျားကျားကိုသတိရရင်း ဆိတ်သားဟင်းနဲ့ ထမင်းကလည်း အတော်မြိန်တာ။ 
ဦးလေးကြီးကလည်း ငှက်ဖျားသမားတွေများများသာစား ဒါ ငှက်ဖျားပျောက်တယ်တဲ့၊ ဆိတ်သား ငှက်ဖျားပျောက်တာ တစ်ခါမှမကြားဖူးပေမဲ့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ လက်ရှိကတော့ ကြိတ်တာပဲ။ 
ထမင်းစားပြီးတော့ အသားသွားယူတဲ့အစ်ကိုကြီးကပြောတယ် စားကောင်းတယ်မလားတဲ့၊ ဒီကောင် တဲမှာကြက်ခိုးစားတာ ဆယ်ကောင်မကရှိနေပြီမို့လို့ ပစ်သတ်လိုက်တာလို့ ယာပိုင်ရှင်က ပြောတယ်တဲ့။ 

အဲမှာစသတိထားမိတာ 
ဆိတ်က ကြက်ကိုစားလို့လားဟ ပေါ့။ မဟုတ်သေးပါဘူးဆိုပြီး၊ 
"အစ်ကိုကြီး အဲဒါဘာသားလဲဗျ" ဆိုတော့ 
ဆိတ်သားလေကွာ ဆိတ်ကတုံး ဆိတ်ကတုံးတဲ့။ ဆိတ်ကတုံးဆိုတော့ ပိုရှုပ်သွားတာ၊ ဘယ့်နှယ် ဆံပင်မပေါက် ခေါင်းမွှေးမထွက်တဲ့ဆိတ်က ရှိလားပေါ့၊ 
သဘောပေါက်သွားတဲ့ရဲဘော်တစ်ယောက်က ထအော်တယ် "ခွေးသားဟေ့" တဲ့။ ဪ ဒီနေ့မှ တပ်ခွဲမှာမွေးထားတဲ့ခွေး ထူးထူးခြားခြား လူတွေကိုထိုးထိုးဟောင်နေပါတယ်လို့၊ 
စားပြီးသောက်ပြီးမှတော့ ဘာမှလည်းလုပ်လို့မရတော့ဘူး၊ အောင့်သက်သက်နဲ့ပဲ။ 
ဪ ဆိတ်ကတုံး ဆိတ်ကတုံး၊ ငှက်ဖျားတောင်မဖြစ်ချင်တော့ဘူး။ 
ပညာတွေလည်း ရပါတယ် လို့ ။ 

BETA 

Comments

Popular posts from this blog

ရွာကလေး

တောခိုသွားတဲ့ ထူးအိမ်သင် အကြောင်း...

သီချင်းများနဲ့ လူ