ယတြာဆရာပြူးနှင့် အထူးအစီအရင်များ
ယတြာဆရာပြူးနှင့် အထူးအစီအရင်များ
````````````````````````````````````````````````````
ရဲဘော်ပြူးဆိုတာ ယတြာတွေဗေဒင်တွေ အတော်ယုံတဲ့လူဗျ။ အပြင်မှာနေကတည်းက သူဗေဒင်လိုက်မေးတဲ့အခါ ကျနော်သုံးလေးခါလိုက်ဖူးတယ်၊ ကျနော်ကတော့ ဒါမျိုးတွေ သိပ်အယုံအကြည်မရှိလှဘူး။ ဒါပေမဲ့သူကတော့ ဗေဒင်တစ်ခါဟောပြီးပြန်လာရင် ဟုတ်ကြောင်းမှန်ကြောင်းတွေပြော၊ ပေးလိုက်တဲ့ ယတြာလေးတွေ အဆောင်လက်ဖွဲ့လေးတွေနဲ့ အလုပ်ရှုပ်နေတတ်တယ်။
တစ်ခါသား မောင်ပြူးကပြောတယ်၊ ငါမိန်းမယူတော့မယ်တဲ့၊ ဟုတ်ပါပြီပေါ့
ဒါနဲ့ "အရင်ကကောင်မလေးပဲမဟုတ်လား"လို့မေးတော့ "မဟုတ်ဘူးကွ ဒါကအသစ်တစ်ယောက်ပဲ" တဲ့။
"ဟ အဲဒီတစ်ယောက်က မင်းကိုအတော်ချစ်တာမဟုတ်လား ဘယ်လိုဖြစ်တာလဲ" ဆိုတော့
"အေးကွာ သူကငါ့ကိုအတော်ချစ်တာ၊ စီးပွားရေးကလည်း အဆင်ပြေတယ် ငါ့ကိုလည်းအလိုလိုက်တယ်၊ ငါလည်းသူ့ကို ချစ်ပါတယ်ကွာ"တဲ့
"ဒါဆို အခုကဘယ်လိုဖြစ်တာတုံး" ဆိုတော့ ပြူးကပြောတယ်
"သူနဲ့ငါက နေ့နံမကိုက်ဘူးကွာ၊ အိမ်ထောင်ရန်ဘက်တွေဖြစ်နေတာကွ၊ မင်းစဥ်းစားကြည့်လေ နောက်ဆို အဆင်ပြေမှာမဟုတ်ဘူး အိမ်ထောင်တွေဘာတွေကွဲလာနိုင်တယ်၊ အခုတစ်ယောက်က ငါနဲ့ နေ့နံကိုက်တယ်၊ အိမ်ထောင်ဘက် သက်ထက်ဆုံးတည်မြဲမှာဟ၊ ငါဒါကိုကြည့်ပြီး အရင်တစ်ယောက်ကိုဖြတ်လိုက်တာကွာ၊ သနားတော့ သနားပါတယ်တဲ့။
ကျနော်လည်း ဘာမှဆက်မပြောတော့ဘူး၊ ပြူးမင်္ဂလာဆောင်တော့ စည်စည်ကားကားပါပဲ၊ နေ့ကောင်းရက်သာလေးတွေဘာတွေနဲ့ ယတြာဘာညာလုပ်ပြီးတော့ပေါ့။ မကြာပါဘူး နှစ်ဘက်နားလည်မှုတွေမတည်ဆောက်နိုင်ဘဲ ကွဲတော့တာပါပဲ၊ ဒါတောင်ပြောသေးတယ်၊ ဒါက စကားစီးလို့ဖြစ်သွားတာနေမယ်တဲ့၊ ငါမင်္ဂလာဆောင်ဖိတ်စာဝေတုန်းက ကျန်ခဲ့တဲ့သူတချို့ကိုပြောတယ်၊ နောက်ခါထပ်ဆောင်တော့မှ ပေါင်းပြီးဖိတ်မယ်လို့၊ ဒါကြောင့်ဖြစ်သွားတာဖြစ်မယ်တဲ့။ သူ့ဗေဒင်ကတော့ မမှားဘူး၊ တည်မြဲမယ့် အိမ်ထောင်ပါပဲ။
အိမ်ထောင်ကွဲပြီးတော့လည်း ဗေဒင်ကတော့ ယုံကြည်တုန်းပါပဲ၊ တစ်ခါတော့ညဘက် ဘုရားမှာ လက်ဖက်သုပ်လေး စားရင်း သူငယ်ချင်းတချို့စကားပြောကြတယ်၊ အချိန်က ကိုဗစ်လည်းပါးလာတဲ့အချိန်၊ 2021 တစ်လပိုင်းလေးထဲမှာပဲ။
အဲမှာ ပြူးကပြောတယ်၊ ငါဗေဒင်သွားဟောတယ်ကွ အခုနှစ်ထဲမှာ စီးပွားရေးအဆင်ပြေမယ်၊ အချစ်အရေးအဆင်ပြေမယ်တဲ့၊ နိုင်ငံရေးကလည်း ကောင်းပြီးသားဆိုတော့ ငါလည်းထင်တော့ထင်တယ် ကိုဗစ်ကလည်းအေးနေပြီ၊ စီးပွားရေးလုပ်ဖို့ အချိန်ကောင်းပဲတဲ့၊ ငါတို့ ဆိုင်လေးတစ်ဆိုင်ဖွင့်ရအောင်ကွာလို့ သူတိုက်တွန်းတယ်၊ အားလုံးက "ဟုတ်ပါပြီ၊ ဖွင့်ကြမယ်"ပေါ့။
သုံးလေးရက်ပဲကြာလိုက်တယ်၊ မအလက အာဏာကောက်သိမ်းလိုက်ရော၊ ဆန္ဒတွေပြကြတဲ့အခါ ဆိုင်းဘုတ်လေးကိုင်ပြီးလိုက်နေတာတွေ့ရတာပဲ၊ အဲမှာသူကပြောသေးတယ် ဒီလောက်ပြည်သူတွေဆန္ဒပြနေပုံထောက်ရင် မကြာခင်အာဏာပြန်လွှဲပေးမှာပါကွာတဲ့၊ အခုထိတော့ ပြန်မရသေးပါဘူး။ မကြာဘူး လိုက်ဖမ်းလို့ပြေးရလွှားရတယ်၊ ကျနော်တို့လည်း တစ်ယောက်တစ်နေရာစီပေါ့၊ အဲမှာ သူ့ဆီကဖုန်းတစ်ခါလာတယ်၊ ငါရှောင်နေတယ်တဲ့၊ အဲမှာအိမ်သာမရှိလို့ အိမ်သာဆောက်နေရတယ်ဆိုပဲ။ ဗေဒင်အရဆောက်နေတာလား၊ ယတြာချေပြီးပြီလား လို့တော့ ကျနော်ပြန်မမေးတော့ဘူး။ သူ့သတင်း ခဏတော့ပျောက်သွားတယ်။
တစ်လနှစ်လနေတော့ ဖုန်းလာတယ်၊ သားရီးမင်းဘယ်ရောက်နေလဲ၊ ငါလမ်းကြောင်းရှိတယ် အထဲကိုဒိုးမယ်တဲ့၊ ဗေဒင်ဆရာပြောပုံအရဆို တော်လှန်ရေးကမကြာဘူး၊ မအလက ကံအနိမ့်ဘက်ရောက်နေတာ၊ ငါတို့ဝင်တိုက်ကြရအောင်ကွာ တဲ့။ ကျနော်လည်း အထဲဝင်ဖို့လမ်းကြောင်းရှာနေတော့ ဟုတ်ပီ ဘယ်ထဲလဲဆိုတော့၊ လိုက်မှာသာလိုက်စမ်းပါကွာ အထဲရောက်ရင်သိမှာပေါ့ကွတဲ့။ အဲတော့လည်း အချိန်းအချက်လုပ်ပြီး အထဲဝင်ချလာတာ၊ ဘယ်ဟုတ်မလဲ လျှောက်ရောက်ပြီး နှစ်လလောက်ဒစ်လည်သွားတယ်။ နောက်မှ အဖွဲ့နဲ့အချိတ်အဆက်ရပြီး အဆင်ပြေသွားတာ။
အခြေတကျဖြစ်တော့ အိမ်နဲ့ဆက်သွယ်ပြီး ပစ္စည်းခိုးပို့ခိုင်းတာ၊ သူ့ဆီမှာက ယတြာအစီအရင်တွေရော လက်ဖွဲ့ခမန်းကြိုးအစုံပါလာတာ၊ ရဲဘော်တွေကို ခမန်းကြိုးလေးတစ်ပင်စီ လက်ကောက်ဝတ်မှာ လိုက်ချည်ပေးထားတယ်။ "ကျည်လွဲအဆောင်" တဲ့။
"သွားရပ်ချည် ပစ်စမ်းရအောင်" ဆိုတော့ လက်မခံဘူး။ "ရန်သူ့ကျည်ဆံမှမဟုတ်တာကွာ"တဲ့။ အဲတော့လည်း ပတ်ထားလိုက်ကြတာပါပဲ။ မကြာဘူး ရှေ့တန်းထွက်ကြတော့ ရန်သူနဲ့အပြန်အလှန်ပစ်ခတ်ကြရတာ၊ အဲမှာ ပြူးရဲ့ "ကျည်လွဲအဆောင်" ပတ်ထားတဲ့သူနှစ်ယောက်ပဲ ဒဏ်ရာရပြီး ပြန်လာတာ၊ ဒီကောင်ဘာပြောလဲဆိုတော့ "အဆောင်မရှိရင် အခုဆိုမင်းတို့ပွဲချင်းပြီးနေပြီ အဲဒါကျေးဇူးတင်ဦး" တဲ့။
ဟိုကောင်တွေမှာ ဘာမှတော့မပြောသာဘူး၊ အဲတော့ကျနော်ကလည်း ဝင်နောက်ပေးလိုက်တယ်၊ တကယ်ကွ ဒီအဆောင်က တော်ရုံတန်ရုံကျည်မထိဘူးကွ၊ ရန်သူ့အကွာအဝေးနဲ့ဆိုရင် အချက်တစ်ထောင်လောက်ပစ်လည်း ထိဖို့မလွယ်ဘူးလို့ပြောတော့၊ ဒီကောင်တွေတင်းသွားကြတယ်။ အဲမှာ ရဲဘော်တစ်ယောက်က အစ်ကိုအဲဒီမှာသွားရပ်ချည် ကျနော်တစ်ချက်ပဲပစ်မယ် တဲ့။ ကျနော်လည်း လှမ်းပြောလိုက်တယ် "မင်းတို့ကို 'ပြူး'ပေးထားတာက ကျည်လွဲအဆောင်ကွ၊ ကျည်က ကိုက်သုံးရာအကွာက လူကိုထိရင်ထိမယ်၊ အဆောင်ကို ဘယ်လိုမှမထိနိုင်ဘူး၊ သေးသေးလေးပဲရှိတာလေကွာဆိုမှ၊ ဒီလိုကျတော့လည်း မှန်သားပဲဟ တဲ့။
အဲဒီကတည်းက ရဲဘော်တွေပြောပြောနေကြတော့တာ "တော်ရုံနဲ့ကျည်မထိတဲ့အဆောင် ကျည်လွဲအဆောင်ကွ ဆိုပြီး" ။ ရဲဘော်အသစ်တွေဝင်လာတဲ့အခါ ဒါလေးတွေပေးပြီး ဂျင်းထည့်တာ၊ လူတိုင်းကဝိုင်းပြောနေတော့ သူတို့လည်းယုံရမလိုလို မယုံရမလိုလို။ ဒါပေမဲ့ ယတြာဆရာပြူးရဲ့ အထူးအစီအမံ ကျည်လွဲအဆောင်ကတော့ ရဲဘော်အားလုံး ပတ်ထားကြတာပဲ။
BETA
Comments
Post a Comment