ယွန်း
ဒီနေ့ဟာ ပုံမှန်နေ့တစ်ရက်ပါပဲ
ည၁နာရီ၂နာရီလောက်အထိ facebookပွတ်လိုက် ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ မအိပ်ဘဲနေခဲ့တဲ့အကျိုးကြောင့် အမေ့ရဲ့စိတ်ပျက်စွာဆူဆဲသံကို ကြားပြီးနိုးလာရတဲ့ ပုံမှန်နေ့တစ်ရက်ပေါ့
ကိုဗစ်ကြောင့် ပထမနှစ်လေး လေးလပဲတက်ပြီး နားထားရတဲ့ ကျွန်တော့အဖို့ ဘာအလုပ်မှလည်း မယ်မယ်ရရ မရှိသေးဘဲလမ်းပျောက်နေတယ်ဆိုပေမယ့် သူများတွေလို ဒုက္ခဝေနေတာတော့မဟုတ်ဘူး
ဆင်းရဲတဲ့အထဲမပါတဲ့ လူလတ်တန်းစားမိသားစုက မွေးဖွားလာသော သားတစ်ယောက်အနေနဲ့ ၁၈နှစ်မပြည့်သေးခင်မှာ မိဘလုပ်စာထိုင်စားဖို့ဆိုတာ ပေါ့ပေါ့ပါးပါးပါပဲ
ဒါပေမယ့် အရမ်းပေါ့ပါးနေတာတော့လည်းမဟုတ်ပြန်ဘူး မိဘကကျွေးထားပေမယ့် အလကားတော့မကျွေးဘူးဗျ သူတို့ဆိုင်လေးမှာ အလုပ်ခိုင်းတယ် သူများတွေနဲ့ယှဉ်ရင် အများကြီးပျော်ဖို့ကောင်းနေသေးတယ်ဆိုပေမယ့် အပျင်းကြီးလှသော ကျွန်တော့အတွက်တော့မဟန်လှဘူး
ဒါပေမယ့် ယောက်ျားလေးတစ်ယောက်အနေနဲ့ Mနိုင်ငံမှာမွေးဖွားလာမှတော့ မိန်းမယူဖို့ လက်ကြောတင်းမှရမယ်ဆိုတာလောက်တော့ ကျွန်တော်သိပါ့
အခုမတင်းချင်သေးရုံပါပဲ
အိပ်ရာနေဖင်ထိုးမှထမယ် အမေ့ဆူသံကို နားထောင်မယ် တစ်နေကုန်ဖုန်းသုံးမယ် ထမင်းစားချိန် ငါးဟင်းပါရင် သားအမိနှစ်ယောက် စိတ်ကောက်ကြမယ် နေ့လည်တစ်ရေးတစ်မောကို ညနေ၆နာရီလောက်အထိအိပ်မယ် အိပ်ရာထမယ် ရေချိုးချင်ချိုးမယ် မချိုးချင် မချိုးဘူး ဖုန်းကြည့်မယ် အမေကျွေးတဲ့ ငါးဟင်းကို မစားဘူးလို့ ဂျီကျမယ် အဖေ့မျက်စောင်းကိုကြောက်လို့စားမယ် ပြီးရင်ဖုန်းသုံးမယ် တစ်နေကုန်အိပ်ထားတဲ့မျက်လုံးက ည၂နာရီလောက်မှ အားကုန်ပြီး မနက်နေဖင်ထိုးပြန်ထမယ်
တစ်ပတ်မှာ ငါးရက်လောက်လည်ပတ်နေတဲ့ အချိန်ဇယားပေါ့ နှစ်ရက်က အဖေအိမ်ပေါ်ကကန်မချဖို့ အယောင်ပြအလုပ်လုပ်ပေးရတယ်လေ
ဒါပေမယ့် ဒီနေ့က အင်မတန်ကြီးကိုမှ ထူးဆန်းနေခဲ့တယ် အရာရာဟာပုံမှန်အတိုင်းလည်ပတ်နေပေမယ့် တစ်ခုခုတော့မှားယွင်းနေတယ် ဒါပေမယ့် ဘာမှားနေလဲကျ ရှာမတွေ့တဲ့ခံစားချက်မျိုး
ဒီနေ့က ဆိုင်သွားရမှာမို့လို့ မျက်နှာကိုအလျင်အမြန်သစ်ပြီး အဝတ်အစားလဲနေတုန်း ဈေးက အလောတကြီးပြန်လာတဲ့ အမေနဲ့တိုးတယ်
"ဟဲ့ ဒီနေ့နင်ဆိုင်သွားရင် သတိထားပြီးသွားနော် နိုင်ငံတော် အာဏာသိမ်းလိုက်ပြီတဲ့"
ဘာလဲ အာဏာသိမ်းတာက စားလို့ရလား သူတို့အထက်ပိုင်းကဟာတွေ ရှုပ်ချင်သလိုရှုပ်တာ ကိုယ်နဲ့ဆိုင်တာမှမဟုတ်ဘဲ အမေ့နှယ် အစိုးရိမ်ကြီးပြန်ပြီ
"အမေရာ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပဲဟာ ဘာများစိတ်ပူနေတာလဲဗျာ သွားတော့မယ် သားနောက်ကျနေပြီ အမေ့ယောက်ျားက ဆိုင်ကနေ မျက်ထောင့်နီကြီးနဲ့ ဆီးကြိုနေရော့မယ်"
လမ်းမှာလည်း လူတွေကတိတ်ဆိတ်လို့
Mနိုင်ငံကြီးက ဖြစ်ချင်သလိုဖြစ်နေခဲ့တာကြာလှရှိရောပေါ့ လူတွေလည်းနေချင်သလိုနေနေခဲ့တာပဲ အာဏာကိုဘယ်သူကိုင်ထားထား ကိုယ့်ထမင်းကိုယ်ပဲရှာရမှာပဲ
ဆိုင်ကိုနောက်ကျမှ ရောက်ပေမယ့် အဖေကတော့ ထင်ထားသလိုမျက်ထောင့်နီကြီးနဲ့ဆီးမကြိုနေခဲ့ဘဲ ကျွန်တော့်ကိုစိုးရိမ်တကြီးဖြစ်နေခဲ့တယ်
"တော်သေးတာပေါ့ကွာ မင်းအရွယ်ယောက်ျားလေးတွေက ပေါ်တာဆွဲလို့ကောင်းတဲ့အရွယ် ငါတို့ငယ်ငယ်ကလို ထပ်ဖြစ်တော့မယ့်အခြေအနေမှာ သတိကြီးကြီးနဲ့နေ ဟုတ်ပြီလား နေနေး"
အဖေ့နှယ် နေ့ခင်းကြောင်တောင်ကြီး မူးနေသလား ဘာတွေပြောနေပါလိမ့် ကျွန်တော်နားမလည်နိုင်
သို့သော် ဘာတွေဖြစ်နေလဲဆိုတာ နားလည်ဖို့ ကျွန်တော်အချိန်ကြာကြာမယူလိုက်ရပါ
Facebookမှာတက်လာသမျှ စာအရှည်ကြီးတွေကို လိုက်ဖတ်ရင်း ကိုယ်ဘယ်လိုချီးတွင်းထဲ ပြုတ်ကျသလဲဆိုတာ သဘောပေါက်လိုက်ရတာပါပဲ
အင်ယာဖြစ်လာမယ့် ကျွန်တော့အနာဂတ်ကြီးဟာ ကျွန်တော့ ခေါင်းနှစ်လုံးစာလောက် ပုတဲ့လူတစ်ယောက်ကြောင့် အစရှာမရအောင် မည်းမှောင်သွားသတဲ့လေ ဒါကပထမဆုံး သဘောပေါက်လိုက်တဲ့အချက်ပါပဲ
တစ်ချိန်တည်းမှာပဲ ခရီးသွားရင်းမိတ်ဆွေဖြစ်ခဲ့တဲ့ နယ်ဝေးသားလေးတစ်ယောက်အတွက်ပါ ပူပန်မိသွားပါတယ် ဆယ်တန်းစာမေးပွဲမှာ တစ်နိုင်ငံလုံး အဆင့်၃ဖြစ်ခဲ့တဲ့ ဆရာဝန်လောင်းလေး ဘယ်လောက်များလမ်းပျောက်နေလိုက်မလဲ
နောက်နေ့တွေမှာတော့ အာဏာရှင်စနစ်ကိုလက်မခံတဲ့လူတစ်စုက အစချီပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လာခဲ့တယ် အဲဒီကနေ လူနှစ်စု နောက် လူသုံးစု လေးစု ငါးစု အစုရာ ထောင် သောင်း သိန်း သန်းချီတဲ့လူအုပ်ကြီးဟာ လမ်းမပေါ်ရောက်ရှိလာလေတယ်
အများနဲ့စုလုပ်ရတဲ့လုပ်ငန်းတွေဟာ ဘယ်တော့မှပျင်းစရာကောင်းလေ့မရှိဘူး ဒီလိုပဲ သန်းချီတဲ့လူအုပ်ကြီးကြားက ကျွန်တော်တို့သူငယ်ချင်းတစ်စုလည်း ဝတ်ကောင်းစားလှလေးတွေထုတ်ဝတ် နေကာမျက်မှန်လေးတွေနဲ့ဖက်ရှင်ကျကျ အင်ယာဦးထုပ်အဖြူလေးကိုဆောင်းပြီး ရင်ထဲတသိမ့်သိမ့်ပေါ့ ပထမနှစ်လေးနဲ့ အင်ယာအစစ်ကြီးတစ်ယောက်လိုခံစားချက်က အင်မတန်မြိန်ဖို့ကောင်းလှတယ်လေ အထူးသဖြင့်
လက်ထဲက We want Democracyဆိုတဲ့ စက္ကူဘုတ်ပြားလေးကို ငုံ့ကြည့်မိတိုင်း နိုင်ငံအတွက်ဆိုတဲ့စိတ်ကတင် ကျွန်တော့်ကို မြောက်ကြွသွားစေဖို့ လုံလောက်နေပြီးသားဖြစ်နေလို့ပါပဲ
စည်စည်ကားကား တက်တက်ကြွကြွ ဆန္ဒလေးတွေထုတ်ဖော်နေကြရင်း ကျွန်တော်တို့အားလုံးကို ထိတ်လန့်သွားစေတဲ့ သတိပေးချက်အကြီးကြီးတစ်ခုကျရောက်လာခဲ့တယ်
ရုပ်ရှင်တွေထဲ စွဲမက်စွာကြည့်ခဲ့ဖူးတဲ့ အက်ရှင်ခန်းလှလှတွေဟာ လက်တွေ့ကြုံလာရတဲ့အခါ မှန်းဆမရအောင်အထိ စက်ဆုပ်ဖွယ်ကောင်းလွန်းလှတယ်ဆိုတာ ကျွန်တော်တို့ကို သဘောပေါက်သွားစေတဲ့ ဖြစ်ရပ်တွေပေါ့
လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းသော်မှ မကိုင်ထားပါသော ကျွန်တော်တို့မိတ်ဆွေတွေဟာ အကြမ်းဖက်သမားခေါင်းစဉ်ဖြင့် ပစ်ခတ်ဖြိုခွင်းခံလိုက်ရသည်။
ပထမနေ့ ထိတ်လန့်စရာကောင်းသည်။
ဒုတိယနေ့ တုန်လှုပ်စရာကောင်းသည်။
တတိယနေ့ ငိုကြွေးသံများဆူညံကုန်သည်။
စတုတ္ထနေ့..
ပဉ္စမနေ့..
ဘယ်လိုတွေဖြစ်ရတာပါလဲ ဘာကြောင့်မို့ ငိုကြွေးသံတွေက တစ်ရက်ထက်တစ်ရက်ကျယ်လောင်လာကြပါသလဲ ဘာကြောင့်မို့ သန်းချီတဲ့လူအုပ်ကြီးဟာ တဖြည်းဖြည်းလျော့ပါးလာရပါသလဲ ဘာကြောင့်မို့ အမေနဲ့အဖေရဲ့ ထပ်မသွားဖို့တားမြစ်သံတွေက စိပ်လာရပါသလဲ ဘာကြောင့်မို့ ကျွန်တော့သူငယ်ချင်းတွေဟာ အချုပ်ကားအပြာရောင်ကြီးထဲပါသွားခဲ့ပါသလဲ ဘာကြောင့်မို့ ဘာကြောင့်မို့ ပေတရာလမ်းဟာနီစွေးသွားခဲ့ပါသလဲ
ကျွန်တော့်အတွေးတွေဟာ ဂယောက်ဂယက်ဖြစ်ကုန်သည်။ငါဘာတွေလုပ်နေခဲ့တာလဲ သူတို့ကရော ဘာတွေဖြစ်နေခဲ့တာလဲ အားလုံးက ငြိမ်းချမ်းရေးကိုလိုလားနေကြတာမဟုတ်ဘူးလား ဘာလို့ ဒီလို ဆန့်ကျင်ဘက်ကိုဦးတည်သွားကြတာလဲ ငါဘာဆက်လုပ်သင့်လဲ ဒီအတိုင်းလေး အဖေပြောသလို ရေလိုက်ငါးလိုက်လေးပဲ ရှင်သန်သွားလိုက်ရမလား မိဘစကားကို နားထောင်တဲ့သားသမီးက ဘယ်တော့မှ ဒုက္ခမရောက်ဘူးဆိုတဲ့ အမေ့ဆုံးမသံက နားထဲ တဝဲလည်လည်
အမေ့ဆုံးမသံက ရင်ထဲကကြောက်စိတ်ကို ကာကွယ်ပေးထားတာ ကျွန်တော်မသိခဲ့ပါဘူး ဒါမှမဟုတ် မသိချင်ခဲ့တာလည်း ဖြစ်မှာပေါ့
နောက်နေ့တွေ သူငယ်ချင်းတွေနဲ့ ဘယ်ဆန္ဒပြပွဲမှ မလိုက်ဖြစ်တော့ပါ သူတို့နဲ့ပက်သက်ရင် နင်ပါအဖမ်းခံရမယ်ဆိုတဲ့ အဖေ့သတိပေးချက်ကို နာခံပြီး အားလုံးကိုblockလိုက်သည်။မိဘတွေမှာတဲ့အတိုင်း စောင်ခြုံကလေးထဲ ကိုယ့်ကိုကိုယ်သိမ်းထုတ်ထားလိုက်သည်။ကျွန်တော်ကြောက်သည်။မျက်စိရှေ့မှာ မြင်ခဲ့ရတဲ့သွေးနီရောင်တွေဟာ ဆေးကြောလို့ပင် ရနိုင်ပါမလား ကျွန်တော်မသိ။ကျွန်တော်သိတာ ကျွန်တော်မသေချင်ပါ။အပျော်လုပ်ခဲ့တဲ့ကိစ္စအတွက်နဲ့ အသက်ကို အသေမခံနိုင်။အနာဂတ် ဟုတ်လား ဘာအရေးလဲ အသက်တစ်ချောင်းထက် ဘယ်ဟာကအရေးကြီးနိုင်မှာလဲ
နောက်တော့ ရွယ်တူတွေ ပိုငယ်တဲ့သူတွေ ပိုကြီးတဲ့သူတွေ အားလုံးဟာ ချွင်းချက်မရှိ ကျွန်တော့ဘေးမှာ မရှိကြတော့ပေ ။ သေကုန်ကြပြီလား အဖမ်းခံထားရဆဲလား ဒါမှမဟုတ် သူတို့ပြောသလို အာဏာရှင်အားပေးဆိုပြီး ရွံလို့ဖယ်သွားကြတာလားတော့ မပြောတတ် ကိစ္စမရှိပါ ကျွန်တော်အသက်ရှင်နေသေးသည်။ကျွန်တော့်မိဘတွေရှိနေသေးသည်။
ထိုအခါ တစ်စုံတစ်ယောက်ကို သတိရမိသွားသည်။ယခင်ကတည်းက လက်နက်ကိုင်နယ်မြေတွင် မွေးဖွားရှင်သန်ခဲ့သော မိတ်ဆွေ
ကျွန်တော့ထက် အများကြီးထူးချွန်ထက်မြက်လွန်းလို့ ကိုယ်တိုင်ပင် သိမ်ငယ်ကာ လက်မလှမ်းရဲခဲ့ပါသော တိမ်ယံကလေး
ထိုတိမ်ယံကလေးရော ဘယ်လိုအခြေအနေမျိုးနဲ့ရှင်သန်နေလိမ့်မလဲ လက်နက်သံတစ်ဒိုင်းဒိုင်းကြားမှာ ရှင်သန်ဖို့ရွေးချယ်သလား မှန်ကန်ဖို့ရွေးချယ်သလား
ရှင်သန်ဖို့ရွေးချယ်ပေးရင်ကောင်းမှာပါပဲ တိမ်ယံကလေးသာ မှန်ကန်ဖို့ရွေးချယ်ခဲ့ရင် နဂိုကတည်းကမှ လက်မလှမ်းဝံ့သောကျွန်တော်သည် တိမ်ယံကလေး၏ အရိပ်ကိုပင် မော်ဖူးခွင့် မတန်သော အစုတ်အပြတ်အမှိုက်သာသာ ရှိနေရတော့မည်။
ရူးချင်လှပြီ ရွေးချယ်မှုခက်ခဲခြင်း ဒါကပဲ ဘဝရဲ့ရင့်ကျက်မှုလမ်းစများလား
မှားယွင်းစွာရွေးချယ်မိသည်နှင့် ဘဝတစ်လျှောက်လုံးနောင်တရနေနိုင်မည့် အလောင်းအစားမျိုး
ကျွန်တော် စောင်ခြုံကလေးထဲမှ အနည်းငယ်ခေါင်းဖော်ကြည့်ဖို့ ကြိုးစားလိုက်သည်။
ယခုလက်ရှိအခြေအနေမှာ ကောင်းတစ်ဝက်ဆိုးတစ်ဝက် အာဏာရှင်များက လူတွေကို ခြိမ်းခြောက်မှု အကောင်းစားတွေပေးနိုင်ပေမယ့် လူတွေရဲ့ စိတ်အားထက်သန်မှုကိုကား အပြည့်အဝမဖိနှိပ်နိုင်သေး
ထိုစိတ်အားထက်သန်မှုများက ဘယ်ကလာပါသလဲ ကျွန်တော်ရှာကြည့်လိုက်သည်။နှစ်ရှည်လများ ကျွန်ဇာတ်သွင်းခံရမှု
အမှန်တကယ်တမ်းမှာ Mနိုင်ငံသည် တစ်ပါးပြည်မှ အသိမ်းပိုက်မခံရပါပဲ ကိုယ့်လူမျိုးခြင်း ကျွန်ပြုခံထားရခြင်းဖြစ်သည်။တစ်ဖက်ကိုနင်းချေပြီး အထက်တက်တဲ့အခါ နင်းချေခံရသူက ဆုတ်ယုတ်ကျန်နေခဲ့သလောက် အမြင့်တက်သွားသူက ကောင်းကင်သို့ရောက်ရှိသွားခြင်း တစ်ဖက်က ကြွယ်ဝသထက် ကြွယ်ဝလာချိန် တစ်ဖက်က နိမ့်ကျသထက် နိမ့်ကျလာသောအခါ ဒေါင်လိုက်မျဉ်းတစ်ကြောင်း၏ ဦးတည်ရာနှစ်ဖက်လို့ ရလဒ်က ကွာဟသွားကြသည်။
ရှိသင့်တဲ့နေရာမှာ ရှိသင့်တဲ့လူကရှိမနေဘဲ ရှိမနေသင့်တဲ့သူက နေရာယူထားတဲ့အခါ လွဲမှားမှုတွေစတင်၏။
ထိုလွဲမှားမှုတွေက နှစ်ပရိဝေဓ ကြာလာသောအခါ ပျက်သုဉ်းခြင်းသို့ဦးတည်သည်။ရှာတွေ့သမျှ အဖြစ်အပျက်အားလုံး၏ အကျဉ်းချုပ်ကား ဤမျှသာ
ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ကြည့်သည်။ကျွန်တော်ကဘာလဲ
စောင်ခြုံထဲပုန်းနေခဲ့သောကျွန်တော်နှင့် ဆန္ဒပြပွဲတွင် ဦးထုပ်ဖြူဆောင်းခဲ့သော ကျွန်တော်
နှစ်ဦးစလုံးသည် ကျွန်တော်ပဲဖြစ်သည်။ဘယ်ဖြစ်တည်မှုက ကျွန်တော့်ကို ဂုဏ်ယူစေသလဲ မေးစရာမလိုအောင် နေရောင်အောက် ခန့်ထည်စွာ ရပ်တည်ခဲ့သော ဦးထုပ်ဖြူနှင့် ကျွန်တော်သာဖြစ်၏။ဒါဖြင့် ဘာကြောင့် ရှက်စရာကောင်းသော ဖြစ်တည်မှုအတိုင်း စောင်ခြုံထဲပုန်းနေခဲ့ပါသလဲ အဖြေက
ကြောက်စိတ်
ထိုကြောက်စိတ်ရှိနေသရွေ့တော့ ဂုဏ်ယူရသော ဖြစ်တည်မှုကို ကျွန်တော်ပြန်မရနိုင်
ခက်ချေသည်က အနှီပြဿနာအိုးအား ကျွန်တော်မဖယ်ထုတ်တတ်
..
ကျွန်တော်က အရှက် သိက္ခာ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု အားလုံးကိုရင်းကာ ရှင်သန်ဖို့ကြိုးစားနေသော်လည်း လောကကြီးက လှောင်သံသဲ့သဲ့ပြုသည်။
"ဟဲ့ နေနေး လမ်းထိပ်မှာ ဟိုဟာတွေရောက်နေတယ် နင့်အိမ်မေးနေသံကြားတယ် ဆန္ဒပြလို့လာဖမ်းတာဆိုပဲ မြန်မြန်ရှောင်တော့ဟဲ့"
လမ်းထိပ် ဤမျှနီးကပ်နေပြီလား လာပြောသောအဒေါ်ကြီးပင် ဘယ်သူဆိုတာ ကျွန်တော်မသိတော့ ကျွန်တော်သိတာ ကျွန်တော်ကြောက်သည်။အဖမ်းခံရထားသော သူငယ်ချင်းများ၏ မျက်နှာက ရိပ်ခနဲပေါ်သည်။ချောမောသောမျက်နှာနုနုတို့သည် ဒဏ်ရာတို့ဖြင့် အကျည်းတန်လျက်
ပြေးသည်။ဘာမှမပါဘဲ ကျွန်တော်ပြေးသည်။ကျွန်တော်သိတာ လွတ်မြောက်ဖို့တစ်ခုတည်း
အနောက်လှမ်းလှမ်းမှ လူတစ်စု၏ ခြေသံကိုကြားရသည်။တဖြည်းဖြည်းနီးကပ်လာသည်မှာ အလင်း၏ အမြန်နှုန်းအလား
ကျွန်တော်တောင်းပန်ပါတယ် မလိုက်လာကြပါနဲ့ ကျွန်တော်ဘာကိုမှမဆုံးရှုံးချင်လို့ပါ ကျွန်တော်က သာမန်လူတစ်ယောက်ပါ အာဏာတွေပိုင်စိုးနိုင်စွမ်းလည်းကျွန်တော့်မှာရှိမနေပါဘူး လောကကြီးကို ကိုင်လှုပ်နိုင်လောက်တဲ့ ငွေထုပ်မျိုးလည်း မပိုင်ဆိုင်ထားပါဘူး ခင်ဗျားတို့ လိုချင်တဲ့ အာဏာတွေ ပါဝါတွေလည်း ရယူနိုင်စွမ်းမရှိတာမို့ ကျွန်တော့်ကိုလွှတ်ပေးကြပါ ကျေးဇူးပြုပြီး မိသားစုနဲ့အသက်တစ်ချောင်းကလွဲပြီးမပိုင်ဆိုင်တဲ့ ကျွန်တော့်ကို အရာအားလုံးဆုံးရှုံးရအောင် တွန်းအားမပေးကြပါနဲ့လားဗျာ
ပင်ပန်းလွန်းလို့လက်လျော့ချင်လှပြီ ဘယ်အထိပြေးရမှန်းမသိဘဲနဲ့ ဆက်ပြေးရအောင် ခြေထောက်တွေကမနာခံတော့ဘူး ဒါပေမယ့် လွတ်လမ်းတော့ရှိနေတယ် နံစော်ကျဉ်းမြောင်းသောရေမြောင်းတစ်ခု
တစ်ကိုယ်လုံးကျုံ့ပြီးဝင်လိုက်ရင်ဖြင့် သူ့တစ်ကိုယ်စာတော့ ကောင်းကောင်းအကာအကွယ်ပေးနိုင်သော အဖိုးတန်ရေမြောင်း
ကျောဘက်ဆီမှ စူးခနဲတစ်ချက်က ဘာအကောင်ကိုက်မှန်းမသိ ဒီအချိန်မှာ ပုန်းဖို့အရေးကြီးတဲ့အတွက် နှစ်ခါမစဉ်းစားရအောင် ရေမြောင်းထဲ သူတိုးဝင်ပစ်လိုက်သည်။နံစော်သောအနံ့အသက်များက ထောင်းခနဲဝင်လာသည့်တိုင်အောင် ကျွန်တော်ပျော်ရွှင်လှ၏။ထိုအနံ့အသက်တို့ကို ခံစားနိုင်လောက်အောင် သူအသက်ရှင်နေသေးသည်။ညစ်ညမ်းလှသော အမှိုက်စုံရေညစ်တွေက သူ့ခန္ဓာကိုယ်ကို အေးခနဲလာတိုက်စားနေသည်ကို ခံစားနိုင်လောက်အောင် အသက်ရှိနေသေး၏။
ရှေ့တစ်လမ်းကျော်ကို အဆက်မပြတ်သေနတ်တွေဖောက်ရင်း ရောက်သွားတဲ့ ဆူညံသံတွေ ဟား ဟား ကျွန်တော်လွတ်မြောက်ခဲ့ပြီ။ ။သီသီလေးဗျာ ဒီလိုရမ်းသမ်းဖောက်နေပုံနဲ့ မြောင်းထဲ မြန်မြန်မခုန်ချခဲ့လို့ကတော့ ကျွန်တော်ဘဝကူးနေလောက်ပြီ အခုတော့ ဟေး
အမေ့ရဲ့ငါးဟင်းကိုထပ်စားနိုင်ပြီ။အဖေ့ရဲ့မျက်ထောင့်နီကိုဆက်မြင်နိုင်ပြီလေ။
ရေမြောင်းထဲတစ်ညနေခဲ့ပြီးနောက် ဘယ်သူမှမမြင်အောင် တိတ်တိတ်လေးတက်လာကာ အိမ်ပြန်ခဲ့သည်။အဖေဆူသမျှခံယူရင်း အမေ့ငါးဟင်းကို ထိုင်စားမည့်စိတ်ဖြင့် နံစော်ပုပ်အဲ့နေသော ရေတို့ ခန္ဓာကိုယ်မှာ စီးကျနေသည်ကိုပင် ဂရုမထား
"မေမေ့ မေ့သားပြန်ရောက်ပြီ ဖေရော"
အိမ်ရှေ့တွင် အိုစာစွာမှိုင်လျက်နေသော အမေက ထမင်းဝိုင်းတောင် ပြင်ထားဟန်မပေါ်
အိမ်ထဲမှ မိန်းမကြီးနှစ်ယောက်ထွက်လာပြီး အမေ့ပုခုံးကို ဖက်ကာ စကားဆိုသည်။
"မိအေးရယ် ထမင်းလေးတော့စားပါဦးဟယ် စစ်ဆေးခံဖို့သွားတဲ့ နင့်ယောက်ျားတော့ ပြန်လာဦးမှာပါ"
အမေက ငူငိုင်လျက် ဘာမှပြန်မဖြေ မိန်းမကြီးနှစ်ယောက်က မတတ်နိုင်တဲ့မျက်နှာငယ်အသီးသီးဖြင့် ထထွက်သွားကြ၏
"အမေ အဖေကဘာအစစ်ဆေးခံရမှာလဲ သားကိစ္စဆိုမပူနဲ့တော့ သားအားလုံးဖျက်ထားတယ် ဘာမှရှာတွေ့မှာမဟုတ်ဘူး သားကအရိုက်ခံရမှာကြောက်လို့သာ ထွက်ပြေးတာ ဟီး"
အမေ့နှုတ်ခမ်းညိုညိုတွေက လှုပ်လာသည်။
"နေနေး မေ့သားလေး"
"ဗျ အမေ"
ခေါ်လို့သာထူးလိုက်ရပေမယ့် အမေ့အကြည့်တွေက တစ်ခြားနေရာကိုကြည့်နေသဖြင့် ကျွန်တော်လည်းလိုက်ကြည့်မိသည်။အမေ့နှယ် ဘာတွေများရှာနေပါလိမ့်
"အမေငါးဟင်းမချက်ထားဘူး
"အမ် ဘာများလဲလို့ အမေရာ အမေက ငါးဟင်းမချက်ရင် ငါးကြော်ပဲချက်မှာကိုများ အဆန်းလုပ်လို့ ဒီနေ့တော့ ဂျီးမများတော့ဘူး ဗိုက်ဆာလှပြီဗျ"
"ငါးဟင်းကြီးလားအမေရာလို့ ဂျီကျပါဦးလားသားရယ်"
"ဟင် သားဗိုက်ဆာနေလို့ ဂျီးမများတော့ပါဘူးဆိုမှ အမေရာ ဘာတွေပြော...."
သူ့စကားမဆုံးခင် အိမ်ထဲကို လူတွေဝင်လာကြသည်။
တစ်ယောက်ယောက်ကို သယ်လာကြပုံပဲ ဘယ်အမူးသမားကိုများ ငါတို့အိမ်ထဲ အုပ်လိုက်ကြီးသယ်လာရတာတုန်း ငါ့နှယ်
ကျွန်တော် ပွစိပွစိလုပ်နေတုန်း အမေကတော့ ယိုင်တိုင်တိုင်ခြေလှမ်းများဖြင့် ထိုလူတွေဆီထသွားသည်။
ထို့နောက် ဗုန်းခနဲလဲကျမေ့မြောသွားတော့သည်။
"ဟာ အမေ ဘယ်လိုဖြစ်ရ ဟင်"
ကျွန်တော် ဒါက ကျွန်တော်လား တစ်ကိုယ်လုံးနံစော်စုတ်ပြတ်ပြီးပြာနှမ်းနေတဲ့ ရုပ်ဆိုးဆိုးကောင်က ကျွန်တော်နဲ့တူတာပဲဖြစ်မှာပါ ကျွန်တော်က ဒီလောက်မှရုပ်မဆိုးတာ
ကျွန်တော်အတွေးများနေတုန်း သယ်လာသောလူတွေထဲက တစ်ယောက်ကထပြောလိုက်သည်။
"နေနေးကို ငါတို့တွေ့တော့ သေသွားတာကြာလှပြီ နောက်ကျောမှာ ကျည်ဒဏ်ရာနဲ့ကို ရေထဲတစ်ညလုံးနေလိုက်ရတော့ သွေးထွက်လွန်တာရော အအေးပတ်တာကြောင့်ရော သန်းခေါင်ကျော်လောက်ကတည်းကသေသွားပုံရတယ် အဒေါ်အေးတော့ ခံနိုင်ရည်ရှိပါ့မလား"
နေနေးဆိုတာက ကျွန်တော်
အဒေါ်အေးဆိုတာက အဘွားကြီးတွေဝိုင်းပြီးနှာနှပ်ယူနေရတဲ့ ကျွန်တော့
အမေ
ဘာကြီးလဲ ဒီအခြေအနေက
ကျွန်တော့်ရွေးချယ်မှုကိုတောင် သေချာမဆုံးဖြတ်ရသေးခင် ဒီလိုသေခြင်းမျိုးနဲ့သေသွားခဲ့ရတာလား အနဲဆုံးတော့ ကြောက်စိတ်ကိုဖယ်ပြီး ဂုဏ်ယူရတဲ့ဖြစ်တည်မှုကို ပြန်ရယူရဦးမှပေါ့
အနဲဆုံးတော့ ရှက်စရာကောင်းတဲ့ အာဏာရှင်အားပေး စောင်ခြုံပုန်းနေတဲ့ကောင်မဟုတ်ဘဲနဲ့ ရေမြောင်းထဲမှာချခဲ့တဲ့ဆုံးဖြတ်ချက်အတိုင်း လက်နက်ကိုင်နယ်မြေမှာ လေ့ကျင့်ပြီး လက်နက်အားကိုးနဲ့မိုက်ရိုင်းတဲ့ကောင်တွေကို တစ်ကောင်လောက်ဖြစ်ဖြစ် ဆော်နိုင်ခဲ့ဦးမှပေါ့
တစ်ယောက်ယောက်ကပြောဖူးတယ် တစ်ခုခုကိုစတင်တဲ့အချိန်ဟာ ဘယ်တော့မှနောက်မကျပါဘူးဆိုလား ရယ်ချင်လိုက်တာ ဒီစကားက လူသေအတွက်ကော အကျုံးဝင်လား
မဟုတ်ဘူး အချို့အရာတွေက စတင်ဖို့နောက်ကျသွားတာတွေရှိတယ်
ကြောက်စိတ်ကြောင့် ဘာကိုမှမလုပ်ရဲတဲ့အခါ ဘာမှမရှိတော့တဲ့အချိန်မှ ကြောက်စိတ်ကို ဆုံးရှုံးရတာမျိုး
အဲအချိန်ကျရင် တစ်ခုခုကို စတင်ဖို့ ကြောက်စိတ်မရှိတော့ပေမယ့် စတင်နိုင်မယ့်အခွင့်အရေးလည်းမရှိတော့တာလိုပေါ့။
ရေးသူ- ပိုရှေး
Upload by Phoenix
Comments
Post a Comment