စောပိုင်တံခွန်ခါရာဘောင်လမ်းနှင့် မွေးနေ့အတု
စောပိုင်တံခွန်ခါရာဘောင်လမ်းနှင့် မွေးနေ့အတု
``````````````````````````````````````````````````````````````````
ကျနော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူဟာ ဘာပဲလုပ်လုပ် တခြားသူတွေအတွက်တော့ ပြောစမှတ် တွင်လေ့ရှိတဲ့ကောင်။
နာမည်က "ကိုလမ်း"
တောခိုတော့မှ မဟုတ်ဘူး၊ အပြင်မှာနေတည်းက ကျောင်းတက်တည်းကလည်း လုပ်ချလိုက်ရင် မင်သေသေနဲ့ အတော်ရယ်ရတယ်။
တစ်ခါက ရှစ်တန်းတုန်းကထင်တယ်၊ ကျနော်နဲ့သူနဲ့က ဘေးချင်းကပ်၊ တစ်နေ့တော့ အင်္ဂလိပ်ဆရာမက စာချပေးရင်း အတန်းကိုပတ်ပြီးသွားနေတာ
ဒီကောင်က အလယ်တန်းရဲ့ အစွန်ဆုံးနေရာမှာ ကျနော့်ဘေး ကပ်ရက်၊ ဆရာမက ပတ်သွားရင်း ကျနော်တို့ခုံနားရောက်ရင် ညောင်းလို့ ခုံကိုမှီြပီး ခဏရပ်လေ့ရှိတယ်။ ကျနော်တို့ခုံကလည်း ခပ်ယိုင်ယိုင်၊ သူလာမှီရင် ယိုင်မကျသွားအောင် ၄ယောက်သား အတင်းတွန်းပေးထားကြရတာ
တစ်ခါတော့ သူစိတ်ပေါက်သွားပုံရတယ်၊ ဘောပင်လေးလက်မှာကိုင်ြပီး ခုံစွန်းလေးနဲ့ဖိပြီးတော့ ကိုင်ထားတာ၊ ဆရာမက သွားရင်းလာရင်း ခုံကိုလာမှီပြီးရပ်တော့ စစ်ခနဲပဲ၊ ခုံကနေပြန်ခွာပြီး ဆရာမက သူ့ကိုကြည့်တယ်။ သူကတော့ စာကိုပဲအရမ်းအာရုံစိုက်ပြီး လိုက်ဆိုနေတာ၊ ဆရာမကတော့ ခုံကိုထပ်မမှီရဲတော့ဘူး၊ ကျနော်တို့မှာ ကြိတ်ခွီရတာ။
အာဏာသိမ်းလို့ တောထဲရောက်တော့လည်း ဒီကောင်ကတော့ အကျင့်မပျောက်ဘူး၊ ပြီးခဲ့တဲ့သုံးလလောက်ကပေါ့၊ သူတို့တပ်ခွဲမှူးက ရွာသားတွေကိုမှာထားတယ်။ ရဲဘော်တွေ အရက်လာဝယ်ရင် တစ်နေ့ကို တစ်ပုလင်းပဲရောင်းရမယ်လို့၊
အဲနေ့က ဒီကောင်ကိုလမ်း ပစ္စည်းတွေသယ်ရင်းနဲ့နောက်ကျသွားတာ၊ ကျန်ရဲဘော်တွေက တစ်ပုလင်းဝယ်ပြီး အကုန်သောက်ပြီးနေပြီ။ ထပ်ဝယ်မယ်ဆိုလည်း ပိုက်ဆံကရှိပြီး ဝယ်သောက်ခွင့်မရတော့ဘူးဆိုတော့ ဒီကောင် တင်းသွားတာ
ပြီးတော့ ချက်ချင်းခပ်တည်တည် ထပြောလိုက်တယ်။
'အားလုံးပဲ ဒီနေ့ကျနော့်မွေးနေ့ အားလုံးကို ဘီယာဝယ်တိုက်မယ်'ဆိုပြီး၊ တပ်ခွဲမှာကလည်း မင်္ဂလာပွဲ၊ မွေးနေ့ကလွဲရင် များများပေးမသောက်ဘူး၊ အပြင်မှာနေရင် ဒီကောင်က အမြဲမှန်နေတဲ့ကောင်ဆိုတော့ သူ့အတွက် ချန်မထားလို့ တင်းတာ။
အဲဒါနဲ့ ခဏကြာတော့ ခွဲမှူးရောက်ချလာပြီးပြောတယ်
'ကိုလမ်းရာ မင်းမွေးနေ့ကို ဘာလို့ငါ့ကိုကြိုမပြောတာလဲ၊ ငါသေချာလုပ်ပေးမှာပေါ့' ဆိုပြီး ကြက်နှစ်ကောင်သွားဝယ်ခိုင်း ဘီယာတွေရတဲ့နေရာက ရှာဝယ်ခိုင်းပြီး မွေးနေ့လုပ်လိုက်ကြတာ။
ရဲဘော်တွေမှာတော့ မွေးနေ့ရှင်ကို ရှိစုမဲ့စုလက်ဆောင်လေးတွေထုတ်ပေး၊ ဆုတောင်းစကားတွေပြောကြနဲ့ အတော်ကို ပွဲစည်နေရော။ သောက်လို့စားလို့ပြီး ညနေလောက်ကျမှ ပြောတယ်
"မနက်က ကျနော့်အတွက်ချန်မထားလို့ စိတ်ပေါက်ပေါက်နဲ့ အရက်သောက်ရအောင် မွေးနေ့ထလုပ်ပစ်တာ" တဲ့။ အဲမှ ခွဲမှူးက ဆဲတာ၊ ရဲဘော်တွေကတော့ပြုံးစိစိ။ ကိုလမ်းကတော့ကွာ မွေးနေ့တောင် အတုလုပ်တယ်ဆိုပြီး ပြောနေကြတော့တာ၊ "နောက်ခါတပ်ခွဲမှာ မွေးနေ့ဘာညာလုပ်ရင် မှတ်ပုံတင်တောင်းကြည့်ရတော့မယ်"တဲ့ ခွဲမှူးက။
တစ်နေ့က ဒီကောင်ကျနော့်ဆီရောက်လာတော့ ပြောပြတယ်၊
"ငါ့မွေးနေ့ကိုသိတာက အရင်တည်းကခင်တဲ့မင်းပဲသိတာ၊ ဒီကောင်တွေက တောထဲရောက်မှသိတာဆိုတော့ ငါလည်းအရက်ငတ်ငတ်နဲ့ လုပ်ချလိုက်တာပဲ"တဲ့၊
သူ့နာမည်တောင် အသစ်ပြောင်းထားတဲ့အကြောင်း ကြွားခဲ့သေးတယ်၊
ဘာတဲ့ "စောပိုင်တံခွန်ခါရာဘောင်လမ်း" တဲ့ ။
BETA
Upload by Phoenix
Comments
Post a Comment