ပျောက်ဆုံးသွားသောဘဝများ


ပျောက်ဆုံးသွားသောဘဝများ

" အာဆွန်းတာ (သို့မဟုတ်) ဝါးလုံးကို RPG ဖြစ်စေချင်သော ကလေးငယ် "

[ မင်းဘုဏ်းလူ (၅၀၅) ]

၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးမှာ အဦးဆုံးအစောဆုံး နေရာများတွင် ကရင်နီပြည် ဒီမောဆိုမြို့နယ်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ ဒီမောဆိုမြို့နယ်မှ အာဆွန်းတာတို့ ကုန်းသာရွာငယ်သည်လည်း စစ်အာဏာရှင်များ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၏ သားကောင် စစ်တလင်းအဖြစ်ကျရောက်ခဲ့ရသည်။

စစ်မဖြစ်မီကအာဆွန်းတာသည် မိခင်မုဆိုးမနှင့်အကိုနှစ်ယောက်တို့ဖြင့်အေးချမ်း‌ေပျာ်ရွှင်စွာနေထိုင်ခဲ့ရသည်။အကိုနှစ်ယောက်ကရိုးသားကြိုးစားစွာ မိခင်နှင့်ညီမငယ်ကိုတောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းလုပ်ကိုင်ကျွေးမွေးပြီး ချစ်ခင်စည်းလုံးစွာနေထိုင်ခဲ့ကြသည်။ခုခံစစ်စတင်ပြီးနောက်မခံချင်စိတ်နှင့်အမျိုးသားရေးစိတ်လှုံ့ဆော်မှုကြောင့်မိခင်ထံခွင့်ပန်ကာ ပြည်သူ့ကာကွယ်ရေးတပ်သို့ ဝင်ရောက်ခဲ့ကြသည်။

အကိုနှစ်ယောက် မိခင်ကိုကန်တော့ သူမကိုပွေ့ချီနှုတ်ဆက်ချိန် ၂ နှစ်အရွယ် အာဆွန်းတာလေးကတော့ ဘာမှမသိရှာ။ မိခင်ရင်ခွင်ဖက်တွယ်ရင်း ကိုကိုကြီးနှင့်ကိုကိုလေးကို မျက်ရည်များဖြင့် မုန့်မှာနေရှာသည်။

"ညီမလေး လိမ်လိမ်မာမာနေနော်၊မို့မို့စကားကိုနားထောင်"ဟူသော ကိုကိုကြီး၏အမှာစကားကို ခေါင်းငြိမ့်ပြရင်း "မြန်မြန်ပြန်လာခဲ့နော်၊ ကိုကိုတို့ပြန်လာရင် မုန့်တွေများကြီးဝယ်လာခဲ့ "ဟူ၍သာ ပူဆာနေလေသည်။ထို့နောက် သူမတို့သားအမိလည်း စစ်ဘေးဒဏ်ကြောင့် ဆွေမျိုးများရှိရာသို့ ပြောင်းရွှေ့‌စစ်ရှောင်ခဲ့ရသည်။ အကိုနှစ်ယောက် သူတို့သားအမိဆီလာလိုက်ပြန်လိုက်နှင့် အာဆွန်းတာ တစ်ယောက်မေ့မေ့ပျောက်ပျောက်ပင်။

အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့သော အာဆွန်းတာ လေးတို့မိသားစုဘဝထဲသို့ မုန်းတိုင်းဝင်မွှေခဲ့ချေပြီ။ထို‌ေန့က ၂၀၂၁ခု နိုဝင်ဘာလ ၁၇ရက်နေ့။သတင်းဆိုးယူဆောင်လာခဲ့သူက သူ့ကိုကိုလေး၏ ဒုခွဲမှူးဆိုသူ ကိုဘုဏ်း။ သူ့မိခင်ထံလာပြီး သေးဆူလဲ တိုက်ပွဲတွင် သူမ၏ကိုကိုလေး အန်ဒြေးယာ ရန်သူ့မိုင်းနင်းမိပြီးကျဆုံးကြောင်း၊ အလောင်းအိမ်ပြန်ပို့ပြီး အခမ်းအနားဖြင့် သင်္ဂြိုလ်ဂူသွင်းပေးမှာဖြစ်ကြောင်း၊နိုင်ငံနှင့်ပြည်သူအတွက်ကာကွယ်ရင်း အသက်ပေးခဲ့တာဖြစ်လို့ အာဇာနည်အဖြစ် ဂုဏ်ယူပေးပါမည့်အကြောင်း ပြောနေတာတွေကြားရသည်။ အာဆွန်းတာစိတ်ထဲသ်ိပ်တော့နားမလည်။အမေပြုံးပြုံးကြီးငိုနေတာတွေ့သည့်။အိမ်လာသည့်ဧည့်သည်လူကြီးမျက်နှာမှာလည်း မျက်ရည်တွေမြင်ရသည်။ အာဇာနည်ဆိုတာဘာလဲ အဆွန်းတာနားမလည် အမေငိုသည်ဧည့်သည်လူကြီးအသံမထွက်ပဲ မျက်ရည်ကျနေသည်။အာဆွန်းတာဝမ်းနည်း၍ငိုမိတော့သည်။ အမေကပြောသည်။

"သမီးမငိုနဲ့တဲ့၊သမီးကိုလေးက သူရဲကောင်းကြီးတဲ့၊လူယုတ်မာတွေကို တော်လှန်ရင်းသေရတာမြတ်တယ်တဲ့"မို့မို့စကားများကိုအာဆွန်းတာနားမလည်ပါ။သူရဲကောင်းတို့အာဇာနည်တို့ဆိုတာကိုကြီးနဲ့ကိုလေးဝယ်လာပေးတဲ့မုန့်လောက်စားမကောင်းပါ။ခုကိုလေးကို အာဆွန်းတာတို့သားအမိဆီ ပြန်ပို့မည်ဆိုတော့ ဧည့်သည်လူကြီးကိုပြောလိုက်သည်။

မီးမီး ကိုလေးပြန်လာရင် မုန့်ဝယ်ခဲ့ဖို့ ပြောပေးပါ မှာမိတော့ ဧည့်သည်လူကြီးက အာဆွန်းတာကို ဖက်ပြီးငိုသည်။ ဒီလူကြီးမုန့်မှာရုံနဲ့ငိုနေတော့ အာဆွန်းတာမနေတတ် မို့မို့ဆီပြန်‌ေပြးသည်။မို့မို့မျက်နှာမှာလည်း မျည်ရည်စတွေက ကျလို့ပါလား။

‌နောက်မေမေနေမကောင်းလို့ကိုကြီးပြန်လာပြီး ဆေးပြရန်ခေါ်သွားသည်။မှတ်မှတ်မှတ်ရရ ၂၀၂၁ဒီဇင်ဘာလထဲက ရက်တစ်ရက်အာဆွန်းတာ မို့မို့နဲ့ကိုကြီး ကုန်းသာကအိမ်မှာပြန်ပြီး ပစ္စည်းတွေ ပြန်ယူကြသည်။ ခြံဝအရောက်မို့မို့က လှမ်းအဝင် ကိုကြီးကဆွဲလိုက်ပေမဲ့ မမီ။"ဝုန်း"ခနဲအသံ၊မီးတောက်ကြီးမြင်ပြီး အာဆွန်းတာ ဘာမှမသိတော့ ။အာဆွန်းတာနိုးလာတော့ မေမေနဲ့ကိုကြီး မရှိတော့ ဟိုးအဝေးကြီးကိုထွက်သွားပြီတဲ့။

ကိုလေးရဲ့ဒုခွဲမှူးဆိုတဲ့လူကြီးနဲ့ အာဆွန်းတာရဲ့ကျမို့(အဒေါ်)ပြောနေတာတော့ စစ်ခွေးတွေထောင်ထားတဲ့မိုင်းနင်းမိလို့‌ေသရတာတဲ့။ခုတော့အာဆွန်းတာမှာ ဘယ်သူမှမရှိတော့ ‌မို့မို့ ကိုကြီး ကိုလေး အကုန် စစ်ခွေးတွေကြောင့်သေရပြီ။ အာ့စစ်ခွေးတွေကိုမုန်းလိုက်တာ။ကိုလေးရဲ့ဒုခွဲမှူးဆိုတဲ့လူကြီးကတော့ "ဘယ်သူ့ကိုမှမုန်းတာမကောင်းဘူး။မီးမီး ကြီးလာရင်လူကောင်းဖြစ်အောင်နေ၊စာတွေတတ်အောင်သင်ပြီးပညာတတ်ကြီးဖြစ်အောင်လုပ်"တဲ့။ ဒါပေမဲ့ အာဆွန်းတာကတော့ မို့မို့၊ကိုကြီး၊ကိုလေးတို့ကိုအာဆွန်းတာဆီကနေအဝေးကြီးကိုပို့လိုက်တဲ့ အာ့စစ်ခွေးဆိုတာတွေကို မုန်းလိုက်တာ၊သေစေချင်လိုက်တာ။ဦးဘုဏ်းတို့ဆီက RPGဆိုတာကြီးတွေ့ထဲက အိမ်နားက ဝါးပိုးလုံးကြီးကို RPGလုပ်ပြီး ‌စစ်ခွေးတွေဆီပစ်နေမိတော့တာ အိပ်တဲ့အထိ ဖက်ထားမိတော့တာပါပဲ။

၂ နှစ်အရွယ်သမီးလေးဟာ သူ့မျက်စိရှေ့မှာတင် အမေနဲ့အကိုကို ဆုံးရှုံးလိုက်ရရှာသူလေး မကျေမနပ်မျက်မှောင်ကြုတ်နေတဲ့ အာဆွန်းတာလေးရဲ့လက်ထဲက ဝါးလုံးဟာ သူ့အနေနဲ့ RPG လိုသဘောထားပြီးကိုင်ထားတာပါပဲ။ သူ့မိသားစုကို လုပ်သွားတဲ့သူတွေကို အဲဒီဝါးလုံး RPG နဲ့ထုမလို့တဲ့လေ ။ အဲဒီဝါးလုံးကို RPG ပဲဖြစ်ချင်တာတဲ့၊ ငယ်ရွယ်နုနယ်သေးတဲ့ နှလုံးသားထဲကို ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေ ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း ဝင်နေမှာပါလိမ့်။အာဆွန်းတာလိုကလေးမျိုးတွေရော မြန်မာပြည်ဘယ်လောက်တောင်များနေပါပြီလဲ။

သူမလေးလိုဘဝမျိုးတွေအတွက် နာကျင်ရလွန်းပါတယ်။

မင်းဘုဏ်းလူ (၅၀၅)
သမီးငယ်လေးတစ်ယောက်၏ဘဝကို ခံစားရေးဖွဲ့ပါသည်။

Kayan Phomu's IDPS Support Team - KPIST မှ ဆောင်းပါးဖြစ်သည်။

#သူပုန်ကျောင်း
#ဆောင်းပါး

Comments

Popular posts from this blog

ရွာကလေး

တောခိုသွားတဲ့ ထူးအိမ်သင် အကြောင်း...

သီချင်းများနဲ့ လူ