“လူငယ်တိုင်းက စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ အခုလက်ရှိ ပညာရေးစနစ်ကို လုံး၀လက်မခံတာရယ်၊ စစ်ကောင်စီရဲ့ မတရားအုပ်ချုပ်တာတွေကို လက်မခံချင်လို့ ကိုယ့်အတွက်အန္တရာယ်ကင်းမဲ့နေရာဆီပြောင်းရွှေ့ခိုလှုံတဲ့သူရယ်၊ မိသားစုအတွက်ဖူလုံစေချင်တာတွေရယ်ကြောင့် နိုင်ငံခြားထွက်နေကြတာလို့မြင်တယ်။”
ပြည်ပကို ထွက်ခွါပြီး အနာဂတ်ကို ထူထောင်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ တနေ့ထက်တနေ့ ပိုများလာတာကို တွေ့မြင်နေကြရပါတယ်။ ဒီလူငယ်တွေထဲမှာ တနင်္သာရီတိုင်းထဲက ကိုဒီဒီ တစ်ယောက်လည်း ပါဝင်နေပါတယ်။ တက္ကသိုလ်မှာ ဆရာတစ်ဦးဖြစ်ချင်ခဲ့တဲ့ ပညာတတ် လူငယ်တစ်ယောက်ရဲ့ အနာဂတ်စိတ်ကူးတွေ ဘာကြောင့် ပြောင်းလဲ ကုန်ရတာလဲ၊ ပြည်ပကို ထွက်ခွါဖို့ ဘာကြောင့်ကြိုးစားနေရတာလဲ ဆိုတာတွေကို တနင်္သာရီတိုင်းမ်က မေးမြန်းပြီး “တောင်ပိုင်းသားတို့အသံ”ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့ အသံ)
မေး - အာဏာမသိမ်းခင် အချိန်က ဘဝရည်မှန်းချက်က ဘာဖြစ်ခဲ့လဲ။
ဖြေ - အဓိကရည်မှန်းချက်က တက္ကသိုလ်ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ တစ်ခုတည်းသောရည်မှန်းချက်နဲ့ ဂုဏ်ထူးတန်းဒုတိယနှစ်အထိတောင်တက်ရောက်ခဲ့တာပါ။
မေး - ဘယ်အချက်က ပြည်ပနိုင်ငံသွားဖို့အတွက် ပိုသေချာစေခဲ့တာလဲ။
ဖြေ - တကယ်တော့ကျွန်တော် ပညာသင်ဆု လေးတစ်ခုနဲ့သွားချင်ခဲ့တာ။ နိုင်ငံရေးအခြေနေသာကောင်းရင် တိုင်းတစ်ပါးမှာ ကျွန်တော်အလုပ် သွားမလုပ်ဘူး။ အိမ်မှာအကြီးဆုံးဖြစ်တာရယ်၊ မိသားစုကလည်းအဆင်မပြေတော့ကျွန်တော်အလုပ်လုပ်ချိန်တန်ပြီဆိုတဲ့အတွေးကတစ်ဖက်၊ ပညာရေးကလည်း စစ်ကောင်စီလက်အောက်မှာ လုံးဝမတက်ဖြစ်တော့မှာရယ်၊
အသက်ကလည်းကြီးလာတော့အရွယ်ရှိတုန်းဒီမှာမနေတော့ဘဲ တခြားတစ်နယ်မှာပဲ ရုန်းကန်လိုက်တော့မယ် ဆိုတဲ့ အတွေးတွေက နိုင်ငံခြားသွားဖို့ ပိုသေချာစေခဲ့တာပါ။
မေး - အခုလက်ရှိမှာရော ပြည်ပသွားဖို့ အဆင်သင့်ဖြစ်နေပြီလား။
ဖြေ - လက်ရှိတော့ သူတို့ဘက်က work permit မကျသေးတာမို့ သွားဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။ ပါမစ်ကျတာနဲ့ ထွက်ဖို့အတွက် လိုအပ်တာလေးတွေ ပြင်ဆင်နေပါတယ်။ အဓိကကတော့ငွေရေးကြေးရေးပေါ့။
မေး - နိုင်ငံခြားသွားဖို့အတွက် ဘာသာစကားကိုဘယ်လိုလေ့လာဖြစ်လဲ၊ အချိန်ဘယ်လောက်ကြာခဲ့လဲ။
ဖြေ - သူတို့ဘက်က အင်္ဂလိပ်ဘာသာစကား ရေရေလည်လည် ပြောနိုင်ဖို့လိုတယ်ပြောတော့
၂၀၁၇ ကနေ ၂၀၁၉ အထိ အပတ်တိုင်းစနေ၊တနင်္ဂနွေတွေမှာ အင်္ဂလိပ်စာအတန်းတွေတက်ခဲ့ဖူးတာရယ်၊ ဒုတိယနှစ်လောက်က US embassy ကပေးတဲ့ 2years access microscholarship ကို၀င်ခွင့်ဖြေပြီးအောင်ခဲ့ဖူးတဲ့ ကျွန်တော့်အတွက် အခြေခံရှိနေတော့ အဆင်တော့ပြေသွားတယ်ဗျ။
ကျွန်တော် အခုထိလည်း English online course တွေတက်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် အမြဲ update လုပ်နေရပါတယ်ခင်ဗျ။
မေး - ပြည်ပကို ရောက်ရင််ဘယ်အလုပ်မှာဝင်လုပ်မယ်လို့စိတ်ကူးလဲ။
ဖြေ - supermarket တစ်ခုမှာ Customer Service နဲ့ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမှာပါ။
မေး - အာဏာသိမ်းဖြစ်စဥ်အပြီးမှာ လူငယ်တော်တော်များများ နိုင်ငံခြားကိုထွက်ပြီးအလုပ်လုပ်ကိုင်ဖို့စဥ်းစားလာကြတယ်။ ဒါဘာကြောင့်လို့ထင်လဲ။
ဖြေ - ဘာကြောင့်လည်းဆိုတော့
ကျွန်တော့်အမြင်ပေါ့နော်။ လူငယ်တိုင်းက စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ အခုလက်ရှိ ပညာရေးစနစ်ကို လုံး၀လက်မခံတာရယ်။
စစ်ကောင်စီရဲ့ မတရားအုပ်ချုပ်တာတွေကို လက်မခံချင်လို့ ကိုယ့်အတွက်အန္တရာယ်ကင်းမဲ့နေရာဆီပြောင်းရွှေ့ခိုလှုံတဲ့သူရယ်။ မိသားစုအတွက်ဖူလုံစေချင်တာတွေရယ်ကြောင့် နိုင်ငံခြားထွက်နေကြတာလို့မြင်တယ်။ ကျွန်တော်အပါအဝင်ပေါ့။
မေး - တော်လှန်ရေးထဲကို ရွယ်တူတွေ ဝင်ရောက်နေချိန်မှာ ပြည်ပနိုင်ငံသွားဖို့ ဆုံးဖြတ်တဲ့အပေါ်မှာကော ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်ဖြစ်လား။
ဖြေ - တကယ်တော့ဗျာ ကျွန်တော်တွေးမိခဲ့ပါတယ်။ ငါတစ်ကိုယ်ကောင်းဆန်မိသွားမလားပေါ့။ ဒါပေမဲ့လည်း ငါအဆင်ပြေရင် တော်လှန်ရေး၀င်နေတဲ့သူငယ်ချင်း၊ အသိတွေအတွက် ကိုယ်တတ်နိုင်သလောက်လေးနဲ့လိုအပ်တာလေးတွေ ကူညီနိုင်တယ်လို့ ကိုယ့်ကိုယ်ပြန်ဖြေသိမ့်ထားလိုက်ရတာပေါ့။
တကယ်တော့ကျွန်တော်မိသားစုကြောင့်လည်းကျွန်တော်အလုပ်လုပ်ဖို့အားသန်ခဲ့ရတာပါ။ ကျောင်းမတက်တဲ့ ကလေးတွေအတွက် ကျွန်တော် ပညာလက်နက်လေးတစ်လက်တော့ဖြစ်ချင်ခဲ့တာ။ NUG မှာစာသင်ပေးနေတဲ့ဆရာတွေဆိုကျွန်တော်အရမ်းဂုဏ်ယူလေးစားပါတယ်။
The Tanintharyi Times
Comments
Post a Comment