ပျံကျ တော်လှန်ရပ်ကွက် (ဆောင်းပါး)
ပျံကျ တော်လှန်ရပ်ကွက် (ဆောင်းပါး)
●●●●●●●
လူငယ့်ခေတ်
ညနေခင်း၌ ကလေးငယ်များ၏ ပျော်မြူးဆော့ကစားသံကို ရပ်ကွက်၏ဆည်းလည်းသံအဖြစ် မြန်မာလူမျိုးများက မှတ်ယူကြသည်။
ပုံမှန်အားဖြင့် ထိုအသံများနှင့် မြင်ကွင်းသည် သဘာဝပန်းချီကားတစ်ချပ်လို လှပနေရမည့်ဖြစ်သော်ငြား
မြို့ကြီးတစ်ခု၏ ပျံကျရပ်ကွက်တစ်ခု၌မူ ထိုကဲ့သိုမဟုတ်ပေ။
ရပ်ကွက်အတွင်း ကလေးများဆော့ကစားသံအပြင် နေ့စဉ် ငွေတိုးလာတောင်းသူ၊ နေ့ပြန်တိုးလာတောင်းသူတို့၏ အသံများဖြင့်ညံနေတက်သည်။
ရံဖန်ရံခါ နေ့ပြန်တိုးမရ၍ဆဲဆိုသွားကြသူတို့၏ အသံများက အဆိုပါရပ်ကွက်အတွင်း ပျံ့လွင့်လာလေ့ရှိသည်။
"ညနေခင်းဆို ဆန်နို့ဆီဗူးတစ်ဗူးရဖို့ လှည့်ပတ်ချေးငှားနေကြရတာ။ တကယ်ကိုစားစရာမရှိကြတာ"ဟု အဆိုပါရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ပျံကျရပ်ကွက်ဟုဆိုသော်လည်း လမ်းဘေးတွင် တိုက်ကြီးများဟီးထနေသလို စက်ရုံများလည်း အခိုင်အမာရှိသည့်အပြင် အဆောင်များကလည်းအစီအရီ။
အများစုမှာ အိမ်ထောင်စုငယ်များ၊ နယ်ဘက်မှမြို့ ပေါ်သို့ပြောင်းရွှေ့ လုပ်ကိုင်နေကြသူများဖြစ်သည်။
ရေကြည်ရာမြက်နုရာသို့ ရွှေပြောင်းလာသည်ဟု ဆိုသော်လည်း စက်ရုံများ၌ တစ်ရက်လျှင် ၂၇၀၀ ကျပ်ဖြင့်သာ အလုပ်ဝင်လုပ်ရသည်။
တစ်ခါတစ်ရံ စက်ရုံ၌လုပ်သားများနေသည်ဟုဆိုကာ နေ့စားဝန်ထမ်းများလျှော့ချသည့်နေ့တွင်တော့
မည်သည့်ဝင်ငွေမှမရဘဲ နေကြရသည်။
"လင်မယားနှစ်ယောက်ပေါင်းမှ ၅၀၀၀ လောက်ရတာ။ ကလေးစရိတ်နဲ့ စားစရိတ်၊ ဆိုင်ကယ်ဆီဖိုးနဲ့ နေ့ပြန်တိုးကဆွဲရတာပဲ"ဟု ထိုရပ်ကွက်၌ အိမ်ငှားနေထိုင်သူမငယ်က ဆိုသည်။
နေ့ပြန်တိုးချေးပေးကြသူများကလည်း ငွေကြေးအမှန်တကယ်အဆင်မပြေသည်ကိုသိသည့်အတွက် ဆဲဆိုရုံမှလွဲ၍ မည်သို့မျှ မတက်နိုင်ကြပေ။
"စားစရာက တကယ်မရှိကြတာ။ တော်တော်ဆင်းရဲကြတယ်။ ကလေးတွေဆို ညနေစာမစားရလို့ငိုတဲ့ ကလေးကငိုနဲ့"ဟု အဆိုပါရပ်ကွက်တွင်နေထိုင်ပြီး ငွေတိုးချေးနေသူတစ်ဦးက ပြောပြသည်။
အဆိုပါရပ်ကွက်တွင် အဝတ်လျှော်သူ၊ ကူလီထမ်းသူ၊ ဆိုက်ကားနင်းသူ၊ ရေသန့်ပို့သူအစုံရှိပြီး နေ့စဥ်ထမင်းဖိုး (၁၀၀၀) သာသုံး၍ (၁၀၀၀) ကို နေ့ပြန်တိုးဆပ်နေရသည့် နေအိမ်လည်းအများအပြားရှိသည်။
သို့သော် ၎င်းတို့မငြီးငြူသည့် အသုံးစရိတ်တစ်ခုရှိသည်။ ထိုအသုံးစရိတ်မှာ တော်လှန်ရေးအတွက် ငွေထည့်ကြခြင်းဖြစ်သည်။
တော်လှန်ရေး လူငယ်အချို့က ဖုန်းဘေလ်လိုအပ်သည်ဟုပြောလျှင် နေ့ပြန်တိုးယူကာချက်ချင်းထည့်ပေးသည်။
"ကိုယ်ကအလုပ်အဆင်ပြေရင် ကောင်းတာလေးစားရတယ်။ ကလေးတွေက အငတ်ခံပြီးလုပ်နေတာ"ဟု ဦးမျိုးအောင်က ပြောသည်။
ဦးမျိုးအောင်တို့ မိသားစုမှာ (၁၂) ပေ ပတ်လည်အခန်း၌ ငှားရမ်းနေသူများဖြစ်ပြီး ကျောင်းနေအရွယ် ကလေး (၃) ဦးရှိသည်။ ၎င်းမှာ ကြုံရာအလုပ်လုပ်ကိုင်ပြီး ဇနီးဖြစ်သူက ရပ်ကွက်အတွင်း အဝတ်လျှော်သည့်အလုပ်ကို လုပ်ကိုင်သည်။
ထိုကဲ့သို့ အဆင်မပြေသည့်ကြားမှ တော်လှန်ရေးအတွက် အင်တိုက်အားတိုက် ကူညီနေသည်ကို အံ့ဩမိသည်ဟုလည်း ငွေတိုးချေးစားသူတစ်ဦးက ပြောသည်။
"တစ်ခါတလေ ထမင်းညနေစာသူများအိမ်က ကျန်လို့ပေးတာလေး စားပြီးတော့ကို ကူတာ။ အံ့သြစရာကောင်းတယ်"ဟု ၎င်းက ပြောသည်။
ပျံကျရပ်ကွက်ဖြစ်၍ အိမ်ငှားနေသူများပြားသည့် ထိုရပ်ကွက်မှာ စစ်အုပ်စု၏ ပိတ်ဆို့စစ်ဆေးမှုကို မကြာခဏခံရလေ့ရှိသည်။
နိုင်ငံရေးကို တစ်လုံးမျှနားမလည်သော်လည်း စီးပွားရေးနှင့် ၎င်းတို့၏ ကလေးများအနာဂတ်အတွက် ဒေါ်အောင်ဆန်းစုကြည်ပြန်လာမှ အဆင်ပြေမည်ဟု ထိုရပ်ကွက်နေ ပြည်သူများက ယုံကြည်ထားကြသည်။
"အရင်တစ်ခါ အမေစုလွတ်တယ်ဆိုပြီး သတင်းတွေထွက်တုန်းက မျက်ရည်တွေကျပြီး ပျော်လိုက်ရတာ။ ကျွန်မတို့ ဒီလိုငတ်နေတာကိုတော့ အမေကပစ်ထားမှာမဟုတ်ဘူး"ဟု ကုန်စိမ်းရောင်းချနေသူ မနွယ်က ပြောသည်။
ထို့ကြောင့်လည်းဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နိုင်သည့်ဘက်ကအမြဲကူကြပြီး
PDF များနိုင်မှ တော်လှန်ရေးအောင်မြင်မည်ဟု ၎င်းတို့ကယုံကြည်ထားကြသည်။
PDF ကဟုပြောလျှင် ရှိသည့်ငွေကြေးကိုချက်ချင်းကူပြီး PDFများ၏ ကျဆုံးသတင်းကြားပါက အိမ်ပေါက်ဝ၌ ထိုင်ငိုသူများလည်းရှိသည်။
"ကိုဇေယျာသော်တို့သတင်းကြားတုန်းကဆို သွားပြီ။ ဘယ်လိုလုပ်ကြမှာတုံး။ ငါတို့တော့သွားပါပြီဆိုပြီး အဲလိုကိုဝမ်းနည်းတာ။ ဘာမှကိုမလုပ်နိုင်ဘူး"ဟု ထိုရပ်ကွက်ကအတွင်းရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
အမှန်တကယ်တော့ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရတို့ကို ၎င်းတို့မသိပေ။
၎င်းတို့သိသည်မှာ တော်လှန်ရေးကိုထိပ်ဆုံးက အောင်မြင်အောင်လုပ်နေသူများကို စစ်အုပ်စုက သတ်လိုက်သည်ဟုသာ သိထားခြင်းဖြစ်သည်။
အဆိုပါရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း တစ်ရက် ၅၀၀၀ သာ ဝင်ငွေရှိသည့် ၎င်း၏ယောကျ်ားဖြစ်သူက ငွေတိုးယူကာ တစ်လအတွင်း PDF များထံ (၈၀၀၀၀)လှူခဲ့၍ ရန်ဖြစ်ခဲ့ရသေးသည်ဟု ဆိုသည်။
"မလှူနဲ့မပြောပါဘူး။ တစ်ရက် ၅၀၀၀ ဆို ၂၀၀၀ လောက်လှူပေါ့။ အခုကလိုအပ်တယ်ဆို အကုန်လှူတာ"ဟု ထိုအမျိုးသမီးက ပြောသည်။
အောက်ခြေလူတန်းစားများက အငတ်ခံ၍ တော်လှန်ရေးကို ကူနေသည့်အပေါ် နိုင်ငံရေးသုံးသပ်သူများက လွဲ၍ အခြားလူများအတွက် အံ့သြစရာ ကိစ္စဖြစ်နေနိုင်သည်။
သို့သော် ထိုအံ့ဩစရာများကို လုပ်ပြနေသည့် အောက်ခြေလူတန်းစားများ ပြန်အံ့ဩရသည့် ကိစ္စများလည်း ရှိနေသည်။
ထိုကိစ္စမှာ အဆင်ပြေနေသည့် လုပ်ငန်းရှင်များ၊ လူချမ်းသာများက တော်လှန်ရေး၌ မပါဝင်ကြသည့် ကိစ္စပင်ဖြစ်သည်။ (ထိုလူချမ်းသားအချို့ လက်ရှိအချိန်၌ ပုန်းလျှိုးကွယ်လျှိုးဖြင့် လှူဒါန်းနေသည်လား ဆိုသည်ကိုမူ သက်ဆိုင်သူများမှလွဲ၍ မည်သူမျှ မသိရှိနိုင်သေးပေ။)
"အကုန်လုံးကောင်းစားဖို့အရေး ဘာလို့များနေနိုင်ကြလဲမသိဘူးနော်။ သူဌေးတစ်ယောက်ဆီက သိန်းတစ်ရာဆီလောက် တန်းလှူလိုက်ရင်ခဏလေးလေ။ မလှူကြလို့လည်းတော်လှန်ရေးကမအောင်မြင်တာ"ဟု ထိုရပ်ကွက်နေ ပြည်သူတစ်ဦးက မချိတင်ကဲပြောသည်။
မှတ်ချက် ။ ။ ယခုဆောင်းပါတွင် ပြောကြားထားသူများ၏ အမည်များကို လွှဲပြောင်းဖော်ပြထားသည်။ အသုံးပြုထားသည့် ဓာတ်ပုံမှာလည်း မြို့တစ်မြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုသာ ဖြစ်ပြီး ယခုဆောင်းပါး၌ ပါသည့် ရပ်ကွက်မဟုတ်ပါ။
#P20 #Lungekhit
Comments
Post a Comment