ကိုယ့်ငွေအကုန်ခံပြီး မအလကျွန်ခံ အလှူတွေ မပြုကြနဲ့ (OPINION)


ကိုယ့်ငွေအကုန်ခံပြီး မအလကျွန်ခံ အလှူတွေ မပြုကြနဲ့  (OPINION)
==============
(သတင်းသမား ကိုဧကနဲ့ ကိုသစ္စာ ဆွေးနွေးခန်း)
------------------------

"ဆရာဧကရေ ... ဗျို့ ... ဆရာဧက"

ခြံအပြင်က ကိုသစ္စာခေါ်သံကြားလို့ ကျုပ်လည်း ခြံတံခါး သွားဖွင့်ပေးလိုက်ရတယ်။ 

"လာဗျာ ... လာကြ၊ ဒီနေ့တော့ သားဖနှစ်ယောက် ချီတက်လာကြတာပါလားဗျ၊ ဪ ... ခင်ဗျားသားတော်မောင် ပါးစပ်မှာလည်း ဆီတွေ ကွက်လို့ပါလား ကိုသစ္စာရ"

ကိုသစ္စာရဲ့သားကို ငုံ့ကြည့်မိတော့ သနပ်ခါးတွေကြားက ဆီကွက်နေတဲ့ ပါးစပ်ကို မြင်တွေ့လိုက်ရလို့ ပြောမိတော့မှ ကိုသစ္စာက သူ့သားပါးစပ်ကို စားပွဲပေါ်က လက်သုတ်ပဝါယူပြီး သုတ်ပေးနေတော့တယ်။

"ဆရာဧဆီလာရင်း ... လမ်းမှာ စတုဒိသာကျွေးတဲ့အဖွဲ့က အတင်းဝင်စားခိုင်းလို့ သားဖနှစ်ယောက် ဝင်ဆွဲခဲ့ကြတာ ဆရာဧရေ"

"ဪ လမ်းထိပ်တိုက်က ကိုဝင်းကျော်ရဲ့ စတုဒိသာ ထင်ပါရဲ့"

"ဟုတ်တယ်... ဟုတ်တယ်၊ ဆရာဧနဲ့ ရင်းနှီးတယ်မို့လား၊ သွားမစားဘူးလား"

"မစားပါဘူးဗျာ၊ မသတီပါဘူး"

"ဗျာ ... ဘယ်လို .... ဘယ်လို "

"ဒီလိုလေဗျာ .... ကိုသစ္စာတို့က ဒီကိုပြောင်းလာတာ မကြာသေးတော့ သူ့အကြောင်း သိပ်သိဦးမယ် မဟုတ်ဘူး၊ ဒီလူက သစ်ပွဲစားဗျ၊ နောက်တော့ ဒေသအာဏာပိုင်တွေနဲ့ ပေါင်းပြီး အကြီးအကျယ် သစ်ခိုးထုတ်တော့တာပါပဲ။ ဒီနယ်တစ်ခွင်က ပိတောက်၊ တမလန်း၊ သစ်မာမှန်သမျှ တရုတ်ဘက်ကို ခိုးထုတ်နေတဲ့သူဗျ။ နောက်ပိုင်း သစ်က ရှားလာတော့ စစ်တပ်နဲ့ ဌာနဆိုင်ရာက ခိုးထားတဲ့ စက်သုံးဆီတွေ ပြန်ဝယ်၊ ပြန်ရောင်းတဲ့ အလုပ် ပြောင်းလုပ်နေတဲ့သူပဲ။ ပြောရရင် ‌မြို့နယ်အဆင့် ခရိုနီပဲ။ ဒါကြောင့် သူ့အလှူကို မသတီဘူး။ နောက်ပြီး ကျုပ်ကို ကျုပ်လည်း မသတီလို့ မစားဘူး"

"ဗျာ .... ကိုယ့်ကိုယ်ကိုယ်လည်း မသတီလို့၊ ဟုတ်လား ဆရာဧ"

"ဟုတ်တယ်လေ .... ဒီမှာကြည့်"

ကျုပ်လည်း စားပွဲပေါ် အသင့်ရှိနေတဲ့ စတီးလေးဆင့်ချိုင့်ကို ဖွင့်ပြလိုက်တယ်။

"သူတို့ အိမ်က လာပို့ထားတာတွေပဲ၊ ကျုပ်ကိုယ်ကျုပ် မသတီလို့ မစားဘူးဆိုတာက ကျနော်က ကိုယ့်ဘာသာ စားနိုင်တဲ့အဆင့်လေး ရှိသေးတယ်ဗျာ။ ကိုယ့်ထက် ဆင်းရဲဒုက္ခရောက်သူတွေ စားသင့်တဲ့ဟာကို ဖြတ်စားရမှာကို မသတီတာမျိုးပါ။ အခုလည်း ခဏနေရင် မနက်ဖြန် ဆွမ်းချိုင့်အလှည့်ကျလို့  ဘုန်းကြီးကျောင်းက ဆွမ်းချိုင့်လာပို့ရင် သူတို့လာပို့ထားတဲ့ချိုင့်ကို ပြန်ထည့်ပေးလိုက်မှာ။ ကျောင်းမှာက မီးဘေးသင့် အိမ်ထောင်စုတစ်စု ရောက်နေတယ်လေ။ သူတို့ခင်မျာ ညနေစာဆို ဟင်းပေါင်းပဲ စားနေကြရရှာတာ"

"အေးဗျာ၊ အခုတလော ကုန်ဈေးနှုန်းတွေ တက်လာတော့ နွမ်းပါးတဲ့သူတွေ များလာသလို စတုဒိသာကျွေးသူတွေလည်း ဟိုနေရာ ဒီနေရာက ပေါ်လာလို့ ဝမ်းတော့ သာမိပါရဲ့။ ဒါပေမဲ့ စစ်ဘေးရှောင်တွေ၊ မီးရှို့ခံရသူတွေကို ပိုလှူသင့်တာပေါ့နှော"

"မီးရှို့ခံ၊ စစ်ဘေးရှောင်တင်မကပါဘူးဗျာ၊ မအလတစ်သိုက် မြန်မြန်ကျရှုံးဖို့ PDF တွေကိုပါ ဝိုင်းလှူကြရမယ့် အချိန်ဗျ ကိုသစ္စာရ။ ရေတိုအလှူလေးတွေနဲ့ အာသာဖြေ ပဏ္ဍာယူနေကြရမယ့်ကာလ မဟုတ်ဘူးလေ"

"ဆရာဧက ရေတိုအလှူလို့ ပြောလာလို့ သတိရမိတယ်။ မအလ အာဏာသိမ်းစက တစ်ပွဲ ၅၀၀ နဲ့ ရောင်းပေးတယ်ဆိုတဲ့ တန်ဖိုးနည်း ထမင်းဆိုင်ဆိုတာတွေ အလျှိုအလျှို ပေါ်လာသေးတာနော်"

"ဪ .... အင်းအင်း၊ မှတ်မိပြီ"

"အခု အဲဒီဆိုင်တွေ မရှိတော့ဘူးဗျာ"

"ဟေ .... ဟုတ်သလားဟ"

"ဟုတ်ပါ့၊ ကျနော် ဟိုတစ်လောက ရန်ကုန်သွားတယ်လေ ဆရာဧရဲ့၊ မိန်းမဘက်က အမျိုးက မြောက်ဥက္ကလာကဆိုတော့ ကျနော် လိပ်စာမှတ်သားထားတဲ့ မြောက်ဥက္ကလာက တန်ဖိုးနည်းထမင်းဆိုင်ကို စားရင်း လေ့လာမယ်ဆိုပြီး သွားတာ မရှိတော့ဘူးဗျာ။ ဘေးကို မေးကြည့်တော့ ဆိုင်က သုံးလပဲ ငှားဖွင့်သွားတာတဲ့"

"‌ဪ .... ဖြစ်ရလေတယ်"

"ဒီဆိုင်တွေကို ကျနော်လေ့လာကြည့်တော့ တချို့က မူလထမင်းဆိုင်ရှိရာကနေ အလှူရှင်တချို့က အလှူငွေစိုက်လို့ ဈေးလျော့ရောင်းပေးတာနဲ့၊ တချို့ကတော့ ဘယ်က စပွန်ဆာမှန်း မသိရတဲ့သူဆီက ငွေရယူပြီး ခါတော်မှီ တန်ဖိုးထမင်းဆိုင် ထဖွင့်ပြတာမျိုးဗျ"

"မအလလက်ထက်ရောက်လာပေမယ့် လူတွေ မငတ်စေရဘူး၊ လှူမယ့် တန်းမယ့်လူတွေမှ တစ်ပြုံကြီးဆိုတဲ့ ဟန်ပြလုပ်ပြကြတဲ့အကွက်တွေ ထင်ပါရဲ့ .... NLD လက်ထက်မှာ Food Box တွေ ရှိလာတာကို တုပတာမျိုးဖြစ်မယ်"

"တုပ ပ ၊ ပု တတ ရေရှည်လုပ်နိုင်ရင် ဟုတ်သေး၊ အခုတော့ အကုန်ငုပ်ပြေးပြီ ဆရာဧရဲ့"

"ဂွကျတာက ကျနော်တို့မြန်မာတွေက ဗုဒ္ဓဘာသာဝင်တွေများတော့ လှူချင် တန်းချင် စိတ်ရှိကြတယ်။ ဘယ်နေရာတွေမှာ လှူရင် အကျိုးဖြစ်ထွန်းမယ်ဆိုတာကို ဆင်ခြင် လှူတန်းသူတွေက နည်းနေသလားပဲ။ TikTok ဆယ်လီတချို့ ဘယ်နားက ဘယ်သူ့ကို သွားလှူမယ်ဆိုလည်း လိုက်လှူသူတွေ ရှိနေကြတယ်၊ ဟိုက ဆယ်လီကနေ ဆယ့်တလီ ဆယ့်နှစ်လီဖြစ်ချင်လို့ လုပ်နေတာကို ရေရှည်အကျိုးရှိမယ့် အလှူ ဟုတ်လား မဟုတ်လား၊ သူတို့ချင်း ဇာတ်တိုက်ထားတဲ့ အလှူလားတွေ မစဉ်းစားဘဲ ဝိုင်းကူကြသူတွေလည်း မြင်တွေ့နေရတယ်"

"အဟုတ်ပဲ ဆရာဧ၊ ကိုယ့်စိတ်အာသာဖြေဖို့ ပဏ္ဍာယူတဲ့ အလှူတွေလို့ပဲ ပြောရမလားပဲဗျာ"

"ကိုသစ္စာရေ၊ အခြားနိုင်ငံတွေက လှူဒါန်းသူတွေကို ကြည့်လိုက်ရင် ရေရှည်အကျိုးဖြစ်စေမယ့် နေရာတွေကိုပဲ လှူတာနော်။ အလှူခံသူဆိုလည်း ခွက်တစ်လုံးနဲ့ တနားကြပါခညာလို့ အော်ရုံနဲ့ အလှူခံခွင့်ပြုမယ် မထင်နဲ့၊ အနည်းဆုံးတော့ တီးတာ၊ မှုတ်တာ၊ ကပြတာ စတဲ့ ဖျော်ဖြေမှုတစ်ခုခုတော့ လုပ်ပြရတယ်။ တရုတ်သူဋ္ဌေး ဂျက်မားက ပြောဖူးတယ်၊  လူ့လောက သာယာရေးအတွက် ဆင့်ပွားပြန့်ပွားသွားမယ့် အလှူဖြစ်ဖို့ လိုတယ်တဲ့။ ဒီသဘောအတိုင်းပဲ သူက နည်းပညာသင်တန်းတွေ၊ သုတေသနလုပ်ငန်းတွေဆီ လှူတာများတယ်တဲ့"

"ဖြစ်သင့်ဖြစ်ထိုက်တဲ့ အလှူတွေပေါ့ ဆရာဧရေ"

"အေးဗျာ၊ ကျနော်တို့နိုင်ငံက အလှူရှင်တွေကိုလည်း မေတ္တာရပ်ခံချင်တာက ဆေးမြီးတို အလှူတွေဘက် ဇောင်းမပေးကြဖို့ပါဘဲ။ လူထု စားဝတ်နေရေးကျပ်တည်းလာတဲ့ ပြဿနာကို ဖြေရှင်းပေးရမှာက အာဏာလိုချင်သူတွေရဲ့ ကိစ္စပါ။ စားဝတ်နေရေး ခက်ခဲနေသူကို ထမင်းတစ်နပ် ကျွေးလိုက်တာက နောက်နေ့ သူရဲ့ ဆာလောင်မှုကို ရပ်တန့်ပစ်နိုင်မှာ မဟုတ်ပါဘူး။ သူ့အလုပ်အကိုင် ရေရှည်အဆင်ပြေဖို့ဆိုတာ နိုင်ငံရေးအပြောင်းအလဲဖြစ်မှသာ ဖြစ်လာမှာပါ။ နိုင်ငံရေးအပြောင်းအလဲ ဖော်ဆောင်နိုင်မယ့် ရပ်ဝန်းတွေကိုပဲ ဇောင်းပေး လှူကြရမှာဗျ။ ဒါ့ကြောင့် ကိုယ့်ငွေအကုန်ခံပြီး မအလရဲ့ ကျွန်ခံရမယ့် အလှူတွေ မလုပ်ကြစမ်းပါနဲ့လို့သာ ပြောချင်သဗျာ"

"ပြောသင့်တာပါ ဆရာဧရာ၊ ကဲ .... စကားကလည်း ကောင်းရဲ့ ညနေကလည်း စောင်းနေပြီမို့ ပြန်ဦးမယ်ဗျို့.... နောက်တစ်ပတ်မှ ဆုံကြဦးစို့"။
~~~~~
သစ်ဆန်းနိုင်
#ငွေမောင်းသံ မီဒီယာ

Comments

Popular posts from this blog

ရွာကလေး

တောခိုသွားတဲ့ ထူးအိမ်သင် အကြောင်း...

သီချင်းများနဲ့ လူ